(၅) အဒမ်မာ ထရာအိုယေး (ဝုဗ်ဗာဟန်တန်)
ဖန်တီးပေးမှု - ၇ ကြိမ်
သွင်းဂိုး - ၄ ဂိုး
အသက် -၂၄ နှစ်
ကစားထားသည့်အချိန် -၂ဝ၇၃ မိနစ်
နံပါတ် (၅) မှာ ရှိသူက ဝုဗ်ဗာဟန်တန် တောင်ပံသမား အဒမ်မာ ထရာအိုယေးပဲဖြစ်ပါတယ်။ အဒမ်မာ ထရာအိုးယေးဟာ ဒီရာသီ ဝုဗ်ဗာဟန်တန်မှာ ခြေစွမ်းပြကစားနေတဲ့ တောင်ပံသမား ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ပဲရှိသေးတဲ့ မထင်မရှားကစားသမားဖြစ်ပါတယ်။ ကြံ့ခိုင်မှုကောင်းတယ်။ သွက်လက်တယ်။ ထိန်းရခက်တဲ့သူဖြစ်တယ်။ ဝုဗ်ဗာဟန်တန်မှာ ကစားအားအကောင်းဆုံး ကစားသမားဖြစ်ပြီး ဝုဗ်ဗာဟန်တန်မှာ ဂိုးရအောင် အများဆုံးဖန်တီးနိုင်တဲ့သူ ဖြစ်ပါတယ်။ ဝုဗ်အတွက် ဂိုးရအောင် (၇) ကြိမ်ဖန်တီးပေးထာပြီး လေးဂိုးသွင်းခဲ့ပါတယ်။ မန်စီးတီးကို ဝုဗ်ဗာဟန်တန် နှစ်ကျော့စလုံး အနိုင်ရတဲ့ပွဲတွေဟာ ထရာအိုယေး ခြေစွမ်းပြတဲ့ သိသာမြင်သာတဲ့ ပွဲတွေဖြစ်ပါတယ်။ မစ်ဒယ်ဘရော့မှာ မထင်မရှားကစားနေရာက ဝုဗ်ဗာဟန်တန်က ၂ဝ၁၈ မှာ ပေါင် ၁၈ သန်းနဲ့ စာချုပ်ခဲ့တာဖြစ်ပါတယ်။ မနှစ်ကရာသီမှာ ထရာအိုယေးဟာ ဝုဗ်ဗာဟန်တန်မှာ နေရာရခြင်းမရှိခဲ့ပါဘူး။ ဒီရာသီမှ သူဟာ နေရာရလာပြီး အကောင်းဆုံး ကစားနိင်ခဲ့တာဖြစ်ပါတယ်။ Football Observatory အဒမ်မာ ထရာအိုယေးကို ယူရိုသန်း ၃ဝ အနိမ့်ဆုံးအပြောင်းအရွှေ့စျေးအဖြစ် သတ်မှတ် ဖော်ပြထားပါတယ်။
(၄) ဆွန်ဟောင်မင် (စပါး)
ဖန်တီးပေးမှု- ၇ ကြိမ်
သွင်းဂိုး - ၉ ဂိုး
အသက် - ၂၇ နှစ်
ကစားထားသည့်အချိန် - ၇၅ဝ မိနစ်
နံပါတ် (၄) မှာ ရှိသူကတော့ အဂင်္လန်သွားပြီး ခြေစွာနေတဲ့ ကိုရီးယားသားလေး ဆွန်ဟောင်မင်ပဲ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ကိုရီးယားလက်ရွေးစင် တောင်ပံသမားဟာ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှာ မရှိမဖြစ် အရေးပါသူပဲ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်၊ ဒယ်လီအယ်လီ၊ ဟယ်ရီကိန်းဆိုတဲ့ တိုက်စစ်အတွဲဟာ မော်ဒန်တော့တင်ဟမ်ဟော့စပါးရဲ့ တိုက်စစ်အတွဲဆိုတာ အားလုံးက လက်ခံကြမယ်ထင်ပါတယ်။ ဒီရာသီမှာ ဆွန်ဟောင်မင်ဟာ စပါးအတွက်(၇) ကြိမ်ဂိုးရအောင် ဖန်တီးပေးထားသလို သွင်းဂိုးကလည်း ကိုးဂိုးရှိတဲ့ တောင်ပံသမားဖြစ်ပါတယ်။ မန်နေဂျာ မော်ရင်ဟိုကိုယ်တိုင် လိုလိုလားလား အားကိုးရတဲ့ တောင်ပံသမားဖြစ်ပါတယ်။ မနှစ်ကရာသီကတည်းက ခြေစွမ်း ကောင်းလာတဲ့ ဆွန်ဟောင်မင်ဟာ ဒီနှစ်မှာတော့ ထိပ်တန်းကစားသမားအဖြစ် ရပ်တည်လာနိုင်တဲ့ အာရှသားဖြစ်ပါတယ်။ မြန်ဆန်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ အသင်းနဲ့ တွဲဖက်ကစားနိုင်တယ်။ ခြေစွမ်းက တစ်သမတ်တည်း တည်ငြိမ်မှုရှိတယ်ဆိုတာ ဆွန်ဟောင်မင်ရဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။ ဂျာမန်ကလပ် ဟမ်းဘတ်က ပေါက်ဖွားလာတဲ့ ဆွန်ဟောင်မင်ဟာ လေဗာကူဆင်ကို ပြောင်းရွှေ့လာပြီး တော့တင်ဟမ်ဟော့စပါးက ၂ဝ၁၅ မှာ ပေါင် ၂၂ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ စပါးမှာ ၁၅၁ ပွဲကစားထားပြီး ၅၁ ဂိုးသွင်းထားတဲ့ တောင်ပံသမားဖြစ်လာခဲ့ပါတယ်။ Football Observatory ဆွန်ဟောင်မင်ကို ယူရိုသန်း ၇ဝ အနိမ့်ဆုံး အပြောင်းအရွှေ့စျေးအဖြစ်သတ်မှတ် ဖော်ပြထားပါတယ်။
(၃) ဘရူနိုဖာနန်ဒက်ဇ် (မန်ယူ)
ဖန်တီးပေးမှု - ၃ ကြိမ်
သွင်းဂိုး - ၂ ဂိုး
အသက် - ၂၅ နှစ်
ကစားထားသည့်အချိန် - ၄၇၈ မိနစ်
နံပါတ် (၃) မှာရပ်တည်နေတဲ့သူကတော့ ဇန်နဝါရီကမှ မန်ယူကိုပြောင်းလာတဲ့ ဘရူနို ဖာနန်ဒက်ဇ်ပဲ ဖြစ်ပါတယ်။ မန်ယူနဲ့အတူ ပရီမီယာလိဂ်မှာ ၄၇၈ မိနစ်ပဲကစားရသေးပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဦးဆောင်မှုက မန်ယူကို ရုတ်ချည်းပြောင်းလဲသွားခဲ့ပါတယ်။ မန်ယူပရိသတ်တွေကိုယ်တိုင်လည်း သူတို့အားပေးတဲ့မန်ယူအသင်း တိုးတက်ပြောင်းလဲ လာခြင်းဟာ ဘရူနိုဖာနန်ဒက်ဇ်ရောက်လာအပြီးမှာ ပြောင်းလဲသွားခဲ့တာဆိုတာကို လက်ခံကြပါတယ်။ သူ့ကြောင့် ဖာဂူဆန်အလွန်မန်ယူဟာ တည်ငြိမ်သွားစေခဲ့ပါတယ်။ မန်နေဂျာ ဆိုးလ်ရှားဟာလည်း ယုံကြည်မှုတွေ ပြည့်ဝလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူနဲ့အတူ ပရီမီယာလိဂ်မှာ ၄၇၈ မိနစ်သာ ကစားရသေးပေမဲ့ ဂိုးရအောင် သုံးကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းထားခဲ့သူဖြစ်ပါတယ်။ သူကစားရတာအချိန်တိုတောင်းပေမဲ့ မန်ယူရဲ့အရွေ့တစ်ခုကို ရောက်အောင်ပို့နိုင်သူ ဖြစ်ခြင်းကြောင့် နံပါတ် (၃) နေရာမှာရပ်တည်တာဖြစ်ပါတယ်။ Football Observatoryဘရူနို ဖာနန်ဒက်ဇ်ကို ယူရိုသန်း ၉ဝ အနိမ့်ဆုံး အပြောင်းအရွှေ့စျေးအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။
(၂) အလက်ဇန်းဒါးအာနိုး (လီဗာပူး)
ဖန်တီးပေးမှု - ၁၂ ကြိမ်
သွင်းဂိုး - ၂ ဂိုး
အသက် - ၂၁ နှစ်
ကစားထားသည့်အချိန် - ၂၅၅ဝ မိနစ်
နံပါတ် (၂) နေရာမှာ ရပ်တည်သူ ကတော့ လီဗာပူးနောက်တန်း ညာအစွန်ကစားသမား အလက်ဇန်းဒါး အားနိုးပဲဖြစ်ပါတယ်။ နောက်တန်းအစွန် သမားတစ်ယောက်အနေနဲ့ လီဗာပူးဂိုးရအောင်၊ ဆာလာ၊ မာနေးတို့ ဂိုးတွေရအောင် (၁၂) ကြိမ်တောင်ဖန်တီးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့ အလက်ဇန်းဒါးအားနိုးရဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ လီဗာပူးနိုင်ပွဲတွေ ဆက်တိုက်ရတယ်။ ဆာလာ၊ မာနေးတို့ ဂိုးတွေသွင်းနိုင်ခြင်းအောက်မှာ အဓိက က ကွင်းလယ်သမားတွေဖြစ်နေမယ်လို့ ရုတ်တရက်ထင်စရာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် လုပ်အားကောင်းခဲ့သူက အခုမှ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ နောက်တန်းသမား အလက်ဇန်ဒါးအာနိုးဖြစ်နေပါတယ်။ မနှစ်က ဘောလုံးရာသီမှာ လီဗာပူးရဲ့ အမာခံကစားသမားဖြစ်လာခဲ့တဲ့ အာနိုးဟာ လီဗာပူး အကယ်ဒမီထွက်ဖြစ်ပါတယ်။ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးချန်ပီယံဖြစ်ခဲ့ခြင်းမှာ အလက်ဇန်ဒါးအာနိုးရဲ့ ပါးနပ်အကွက်မြင်တတ်မှုဟာ ဘာစီလိုနာကို ဒုတိယအကျော့မှာ အနိုင်ယူခဲ့တဲ့ပွဲက အထင်ကရပဲ ဖြစ်ပါတယ်။ ပြေးအားကောင်းတယ်။ ဖြတ်တင်ဘောတွေက တိကျသေချာတယ်။ ဆိုတာက အလက်ဇန်းဒါးအားနိုးရဲ့ အားသာချက်ဖြစ်ပါတယ်။ Football Observatory အလက်ဇန်းဒါးအာနိုးကို ယူရို သန်း ၁၅ဝ အနိမ့်ဆုံး အပြောင်းအရွှေ့စျေးအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။
(၁) ကီဗင်ဒီဘရိုင်းနာ (မန်စီးတီး)
ဖန်တီးပေးမှု - ၁၆ ကြိမ်
သွင်းဂိုး - ၈ ဂိုး
အသက်- ၂၈ နှစ်
ကစားထားသည့်အချိန်- ၂၁၅၆ မိနစ်
ပရီမီယာလိဂ်ရဲ့ အကောင်းဆုံး ဖန်တီးပေးနိုင်မှု နံပါတ် ၁ နေရာမှာ ရပ်တည်သူကတော့ မန်စီးတီးကွင်းလယ် သမား ကယ်ဗင်ဒီဘရိုင်းနာပဲ ဖြစ်ပါတယ်။မန်စီးတီးကွင်းလယ်မှာ ကစားသမား ကောင်းတွေ အများအပြားရှိပေမဲ့ ဒီဘရိုင်းလောက်တော့ ဘယ်ကစားသမား ကမှ တိကျသေချာအောင် ဖန်တီးပေး နိုင်ခြင်းမရှိပါဘူး။ သူမကစားရတဲ့အခါမှာ မန်စီးတီးဟာ တောင်ပံတွေက စတာလင်၊ မာရက်ဇ်တို့ကို အားပြုကစားရပေမဲ့ သူပါလာရင်တော့ မန်စီးတီး တိုက်စစ်ဟာထိန်းရခက်သွားစေပါတယ်။ သူကိုယ်တိုင် ကလည်း Skill ရှိပြီး နေရာလွတ်ရအောင် စွမ်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ဒီလိုစွမ်းဆောင်နိုင်ခြင်းကြောင့်လည်းသူဟာ မန်စီးတီးမှာ ဂိုးရအောင် ပံ့ပိုးပေးနိုင်သူ။ ပရီမီယာလိဂ်မှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်သူ ဖြစ်လာခဲ့တာပါ။ (၁၆) ကြိမ်ဖန်တီးပေးတယ်ရှစ်ဂိုးသွင်းတယ်ဆိုတာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ သူဟာ မန်စီးတီးကွင်းလယ်မှာ အရေးပါဆုံးသူဖြစ်ပါတယ်။ သူပါလာပြီး ကစားတဲ့ မန်စီးတီးကစားပုံနဲ့ သူမပါဘဲကစားတဲ့ မန်စီးတီးကစားပုံမှာ ကွာခြားမှုတွေရှိပါတယ်။ အဂွေရို၊ စတာလင်တို့နဲ့ တွဲလုံးကစားရတဲ့အချိန်တွေဟာ ဒီဘရိုင်းရဲ့ အစွမ်းကို ပိုပြီးမြင်သာစေပါတယ်။ ဂွာဒီယိုလာအတွက် ဒီဘရိုင်းနာဟာ မရှိမဖြစ်ကစားသမားဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ အသက် ၂၈ နှစ် ရှိပြီဖြစ်တဲ့ ဒီဘရိုင်နာကို Football Observatoryက ယူရိုသန်း ၇ဝ အနိမ့်ဆုံး အပြောင်းအရွှေ့စျေးအဖြစ် သတ်မှတ် ဖော်ပြထားတယ်ဆိုတာ စုစည်းတင်ပြပေးလိုက်ပါရဲ့။



















