ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ COVID-19 ရောဂါ အသိပညာပေးသည်ဟု ဆိုကာ ရဟန်းအသွင်ဖြင့် သေမင်းသဏ္ဌာန် ပန်းချီရေးဆွဲသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို သာသနာတော်ညှိုးနွမ်း စေမှုဖြင့်ကချင်ပြည်နယ် ပြည်နယ် သာသနာရေးဦးစီးမှူးက ယနေ့ ဧပြီ ၃ ရက်တွင် မြိုနယ်တရာရုံးသို့ ဦးတိုက်လျှောက်ထားမှုအား တရားရုံးက လက်ခံခဲ့ကြောင်းသိရသည်။
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နေ နော်ထွန်းအောင်(၂၈)နှစ် ( ကချင်ဒေသန္တရ သုတေသန အဖွဲ့-ဒါရိုက်တာ )၊ ဇေယျာနှောင်း (၃၀)နှစ်နှင့် မဂျာဆိုင်း(၃၁) နှစ် တို့ကို မြစ်ကြီးနားမြို့နယ်တရားရုံး၌ ယနေ့ ဧပြီ ၃ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် သာသနာတော်ညှိုနွမ်းစေမှုပုဒ်မ ၂၉၅(က)ဖြင့် ပြည်နယ်သာသနာ ရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် က တရားလိုပြုတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၃ ဦးသည် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ နယ်မြေ(၃)၊ မြစ်ကြီးနားဘူတာ တိုက်တန်းရှိ MK မိုဘိုင်း ဖုန်းအရောင်းဆိုင်၏ တိုက်နံရံ၌ COVID-19 ရောဂါ အသိပညာပေးခေါင်းစဉ်ဖြင့် ဂရပ်ဖစ် ပန်းချီဆွဲရာ၌ ဗုဒ္ဓဘာသာ ရဟန်း အသွင်ဖြင့် ခန္ဓာကိုယ်တွင် အရိုးခြောက်ဦးခေါင်း တပ်ဆင်ထားသည့် သေမင်းသဏ္ဌာန် ရေးဆွဲထားသည့် ပန်းချီပုံကို သရုပ်ဖော်ခဲ့သည်။
သက်ဆိုင်ရာက ယင်း ကိစ္စနှင့် ပတ်သက်၍ ဧပြီ ၃ ရက် နံနက် ၁၁ နာရီက ခေါ်ယူမေးမြန်းရာ ၎င်းတို့ရေးဆွဲထားသည်မှာ မှန်ကန်ကြောင်းနှင့်တာဝန်ယူကြောင်း ပြောဆိုခဲ့ကြသည်။
ထို့ကြောင့် ဗုဒ္ဓသာသနာအား တမင်ညှိုးနွမ်းအောင် ပြုလုပ်ရုံသာမက လက်ရှိ ဖြစ်ပွားနေသည့် COVID-19 အား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ဖြန့်ဝေနေသည့် သဘော သက်ရောက်သည်ဆိုကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။အဆိုပါဦးတိုက်လျှာက်ထားမှုကို မြိုနယ် တွဲဘက်တရားသူကြီး-၂ ရုံးက လက်ခံခဲ့ပြီး အမှုကြီးအမှတ် ၃၄၁/၂၀၂၀ ဖြင့် လက်ခံကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

















