မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့အဝင်ကျောက်ဖားဂိတ်အနီး၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးပူးပေါင်းအဖွဲ့က စစ် ဆေးစဉ် ဇနီးမောင်နှံနှစ်ဦးက ကြမ်းတမ်းစွာပြုမူပြောဆိုခဲ့သဖြင့် အမှုဖွင့်ခဲ့ပြီး စစ်ဆေးဆဲကာလဖြစ်၍ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်လိုက်သည်ဆိုသည်မှာ ကောလာဟလ သတင်းမှားဖြစ်ကြောင်း မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းခိုင်က မြန်မာတိုင်းမ်သို့ ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ မိုးကုတ်၊ကြပ်ပြင်ရဲစခန်း၌ မတ် ၃၁ ရက် ညနေပိုင်းက (ပ)၇၁/၂၀၂၀ ၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၃/၂၉၄ ဖြင့် အမှုဖွင့်ထားပြီး တရားရုံးတင်နိုင်ရေး အတွက် ပြင်ဆင်နေဆဲဖြစ်သည်ဟု ကြပ်ပြင်ရဲစခန်းမှ သိရသည်။
“ပြစ်ဒဏ် ချမှတ်လိုက်ပြီဆိုတာက ကောလာဟလတွေပါ။ ခုဟာက အမှုကို စစ်ဆေးဆဲကာလပဲ ရှိပါသေးတယ်။ တရားရုံး မရောက်သေးပါဘူး။အဲဒါကို ရေးချင်ရာ ရေးနေကြတာ။အမှုနဲ့ ပတ်သက်ပြီး ဥပဒေရုံးကို တင်ရဦးမယ်။ ရဲလုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်နေဆဲကာလဖြစ်ပါတယ်”ဟု ၎င်းက အတည်ပြုခဲ့သည်။
လူမှုကွန်ရက်မှ သတင်းမီဒီယာအမည်ခံအချို့တွင် ထောင်ဒဏ် ၇ လနှင့် ဒဏ်ငွေကျပ်သုံးသိန်းချမှတ်လိုက် ကြောင်းရေးသားဖော်ပြမှုများရှိနေပြီး အခြားသူများကလည်း ယင်းကဲ့သို့ ပြောဆိုနေမှုများရှိနေ၍ သက်ဆိုင်ရာဌာနများမှ သတင်းမှန်ပြန်ကြားပေးစေလိုကြောင်း မိုးကုတ်ဒေသခံ ကိုစိုးမင်းလှိုင်က ပြောသည်။
“သတင်းမီဒီယာအမည်ခံ Online Pages တွေမှာ သတင်းတုတွေ ပြန့်နေလို့ သတင်းမှန်ပြန်ကြားပေးစေချင် တာ ပါ။Myanmar Police Page တွေလည်း အွန်လိ်ုင်းမှာ ရှိတာပဲ။အဲဒီကနေ အမှန်ကို တင်ပေးဖို့လိုတယ်။ခုဟာက သတင်းမှားတွေ ပြန့်နေတယ်။ ပြစ်ဒဏ်ပေးပြီးတာ ဟုတ်လား မဟုတ်လားဆိုတာတွေ အမှန်သိချင်ကြတာပါ”ဟု ကိုစိုးမင်းလှိုင်က ပြောသည်။
ဖြစ်စဉ်မှာ မိုးကုတ်မြို့ဝင်ဂိတ် ၄ ခု၌ ကျန်းမာရေးစစ်ဆေးမှုများကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေစဉ် မတ် ၃၀ ရက်မွန်းလွဲပိုင်းတွင် ကိုယ်ပိုင်ယာဉ်ဖြင့် ရောက်ရှိလာသူ ဇနီးမောင်နံနှစ်ဦးက စစ်ဆေးမှုကို ကောင်းမွန်စွာ လက်မခံဘဲ ကြမ်းတမ်းစွာပြုမူပြောဆိုခဲ့သဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

















