ဇလွန်မြို့၌ COVID-19 စောင့်ကြပ်ကြည့်ရှုရန် အတွက် ယာယီစီစဉ်ထားသည့် အဆောက်အဦကို ခဲဖြင့် သုံးကြိမ်ပစ်သည်ဆိုသူ နှစ်ဦးကို အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဧပြီ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဧပြီ ၃ ရက် ည ၇ နာရီအချိန်တွင် အရှုပ်ကွင်းကျေးရွာအုပ်စု၊မောင်းထောင် ကျေးရွာ(အ.မ.က)(မောင်းထောင်)တွင် ရပ်ဝေးသို့သွားရောက် လုပ်ကိုင်ပြီး ကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသူများအား COVID-19 စောင့်ကြပ်ကြည့်ရှုရန်အတွက် ယာယီထားသည့် အဆောက်ဦအား ရာအိမ်မှူး ဦးတင်မိုးလင်း၊ ရပ်မိရပ်ဖ ဦးဇော်မြင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အတူစောင့်ကြပ် ကြည့်ရှုနေခဲ့သည်။
ထိုစဉ် မောင်းထောင်ကျေးရွာနေ ဝင်းကို(၄၃)နှစ်၊ အရုပ်ကွင်း ကျေးရွာနေ ရန်မျိုးအောင်(၃၀)နှစ်တို့က အရက်သေစာသောက်စားမူးယစ်ကာ အဆိုပါ အဆောက်အဦသို့ ခဲများ နင့်ပစ်ခတ်ခဲ့သည်။
ရာအိမ်မှူးနှင့်အဖွဲ့က သွားရောက် တားမြစ်ခဲ့ရာ ဝင်းကိုနှင့် ရန်မျိုးအောင်တို့က အဆိုပါနေရာမှ ထွက်သွားပြီး ည ၁၁ နာရီခွဲအချိန်ခန့်တွင် လည်းကောင်း၊ ည (၁၂ )နာရီအချိန်ခန့်တွင် လည်းကောင်း အဆိုပါအဆောက်အဦအား ခဲများဖြင့် နှစ်ကြိမ် ထပ်မံ ပစ်ခတ်ခဲ့သည်ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဧပြီ ၄ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ဇလွန်မြို့မရဲစခန်းက ၎င်းတို့ ၂ ဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) အရ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

















