မင်္ဂလာပွဲကျင်းပခဲ့သည့် မြန်မာအမျိုးသားနှင့်ဖခင်တို့ကို ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်

မင်္ဂလာပွဲကျင်းပခဲ့သည့် မြန်မာအမျိုးသားနှင့်ဖခင်တို့ကို ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်

တမူးမြို့နယ်တွင် လူစုလူဝေးဖြင့် မင်္ဂလာပွဲကျင်းပခဲ့သည့် အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာအမျိုးသားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေချိုးဖောက်မှုဖြင့် တမူးမြို့နယ်တရားရုံးက ထောင်ဒဏ် ၆လ နှင့် ဗီဇာစည်းကမ်းဖောက်ဖျက်သဖြင့် လဝက ဥပဒေအရ ဒဏ်ငွေကျပ် ၁၀ သိန်းကို ချမှတ်ခဲ့သည်။

မတ် ၂၈ ရက် နံနက် ၇နာရီမှ ၁၂နာရီအထိ တမူးမြို့၊ မြို့မ(၁၃)ရပ်ကွက်နေ မဖိုင်နိတ်လမ်း (ခ) လာလမ်း(၃၂)နှစ်နှင့် လက်ထပ်ခဲ့သည့် အမေရိကန်နိုင်ငံသားခံယူထားသူ မောင်ထန်လင်းရှိန်(ခ) လင်းရှိန် (Thang Lensing Baite) သည် ခွန်မွန်းနွန်ကျေးရွာနေ ဖခင်ဦးထန်ခိုလွန် နေအိမ်တွင်လူစုလူဝေးဖြင့် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ လူဦးရေ ၁၀ဝ ခန့် တက်ရောက်ခဲ့သည်။

'' ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါCOVID-19 ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ညွှန်ကြားချက်၊ ဒေသန္တရအမိန့်၊ တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ဖို့နဲ့ မင်္ဂလာပွဲကို ရက်ရွှေ့ဆိုင်းကျင်းပဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စာပို့ခဲ့သလို နှုတ်နဲ့လည်း တားမြစ်ခဲ့တာကို မလိုက်နာဘဲ မင်္ဂလာပွဲကို ကျင်းပခဲ့တာကြောင့် မတ်လ ၂၇ ရက်နေ့မှာ ဒေသန္တရအမိန့် ချိုးဖောက်မှုနဲ့သက်ဆိုင်ရာကအမှုဖွင့် အရေးယူခဲ့တာပါ'' ဟု တမူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောသည်။

ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးကျော်လင်းက တရားလိုပြုလုပ်၍ မောင်ထန်လင်းရှိန်(ခ) လင်းရှိန် (Thang Lensing Baite) ကို အရေးယူပေးရန်တိုင်ကြားခဲ့ရာ တမူးမြို့မရဲစခန်းက(ပ) ၄၇/ ၂၀၂၀၊ ၂၀၁၃ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) အရ အမှုဖွင့် အရေးယူခဲ့သည်။

မောင်ထန်လင်းရှိန်သည် မတ် ၁၇ ရက်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိခဲ့ကာ မတ် ၂၁ ရက်တွင် တမူးမြို့ သို့ရောက်ရှိခဲ့ပြီး ခွန်မွန်းနွန်ကျေးရွာအုပ်စုသို့ ပြန်ရောက် ရှိခဲ့သည်။ မတ် ၂၁ရက်တွင် သူနေထိုင်ရာ ခွန်မွန်းနွန် ကျေးရွာသို့ ပြန်ရောက်ရှိခဲ့ပြီးနောက် မင်္ဂလာဆောင်အခမ်းအနားကို ခွန်မွန်းနွန်ကျေးရွာနေအိမ်၌ ပြုလုပ်ခဲ့သည်။

ဗီဇာစည်းကမ်းချက်ဖောက်ဖျက်သဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အရ အရေးယူပေးရန် တမူးမြို့နယ် လဝက က ၄င်းကို တိုင်ကြားခဲ့သည့်အပြင် ၄င်း၏ဖခင်ဖြစ်သူ ဦးထန်ခိုလွန်ကိုလည်း နိုင်ငံခြားသားနေထိုင်မှုကို သတင်းပေးရန်ပျက်ကွက်သဖြင့် မြို့နယ်လဝကက နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၅(၁) အရ အရေးယူပေးရန် အသီးသီး အမှုဖွင့်တိုင်ကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)အရ မောင်ထန်လင်းရှိန်(ခ) လင်းရှိန် (Thang Lensing Baite) အမှုကို ရာဇဝတ်အမှုကြီး အမှတ် (၈၈/၂၀၂၀)ဖြင့်လည်းကောင်း၊ ဗီဇာ စည်းကမ်းချက်ဖောက်ဖျက်သဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အမှုကို ရာဇဝတ်ကြီး အမှုအမှတ် ၈၉/၂၀၂၀ ဖြင့်လည်းကောင်း၊ ၄င်း၏ ဖခင် ဦးထန်ခိုလွန် ကို နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၅(၁)၊ ရာဇဝတ်ကြီး အမှုအမှတ် ၉၀/၂၀၂၀ ဖြင့် လည်းကောင်း တရားစွဲဆိုတင်ပို့ခဲ့သည်။

တိုင်ကြားမှုများနှင့်ပတ်သက်၍ မောင်ထန်လင်းရှိန်(ခ) လင်းရှိန် (Thang Lensing Baite) မှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် တမူးမြို့နယ်တရားရုံးက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) အရ ထောင်ဒဏ် ၆ လကျခံစေရန်နှင့် ဗီဇာစည်းကမ်းဖောက်ဖျက်မှုအတွက် အက်ဥပဒေပုဒ်မ ၁၃(က) အရ ဒဏ်ငွေကျပ် ၁၀ သိန်း(သို့မဟုတ်) ထောင်ဒဏ် ၆ လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

၄င်း၏ ဖခင် ဦးထန်ခိုလွန် ကို နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၅(၁) အရ ဒဏ်ငွေကျပ် ၁၀ သိန်း(သို့မဟုတ်) ထောင်ဒဏ် ၆ လ ကျခံစေရန် ဧပြီ ၄ ရက်တွင် အသီးသီးအမိန့်ချမှတ်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဖြစ်ပွားနေသည့် ကပ်ရောဂါ Covid 19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လူစူလူဝေးများနှင့် ပွဲလမ်းသဘင်များ အခမ်းအနားများမပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဒေသန္တရအမိန့်ကို မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂ ရက် အကြာတွင် လူဦးရေ ၁၀ဝ နီးပါးခန့် တက်ရောက်ခဲ့သည့် မင်္ဂလာပွဲကို ပြုလုပ်ခဲ့ခြင်းကြောင့် အရေးယူခံရခြင်းဖြစ်သည်။