တံတားဦးနှင့်ရေတာရှည်မှ အမျိုးသားနှစ်ဦးကို COVID-19နှင့်ပတ်သက်၍ အရေးယူ

တံတားဦးနှင့်ရေတာရှည်မှ အမျိုးသားနှစ်ဦးကို COVID-19နှင့်ပတ်သက်၍ အရေးယူ

တံတားဦးနှင့် ရေတာရှည်မြို့ နယ်တို့တွင်  အမျိုးသားနှစ်ဦးကို COVID-19နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူခဲ့ရကြောင်း ယနေ့ဧပြီ ၅ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
 

ဖြစ်စဉ်မှာ COVID-19 ရောဂါမပြန့်ပွားစေရေးအတွက် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်မှာကြားချက်များအား အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းနှင့် အခြားဒေသမှ ကျေးရွာသို့ ပြန်လည် ရောက်ရှိလာသူများကိုကျေးရွာကျန်းမာရေးကော်မတီအဖွဲ့မှ ကျန်းမာရေးစစ်ဆေးခြင်းတို့အား တံတားဦးမြို့နယ်၊ စပါးတွင်းကျေးရွာနေ ဦးမာကျော့(၅၀)နှစ်၏နေအိမ်၌ ဧပြီ ၃ ရက်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ စိုးနိုင်(၄၉)နှစ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး တားဆီး ဟန့်တား နှောင့်ယှက်ကာ ခဲဖြင့်ထု၍ထွက်ပြေးသွားခဲ့သောကြောင့် အရေးယူပေးရန် တံတားဦးမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ဧပြီ ၄ ရက် ည ၇ နာရီခွဲတွင် တိုင်ကြားခဲ့သည်။

ချောင်းခွနယ်မြေရဲစခန်းက(ပ)၁၄/၂၀၂၀၊သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ အမှုဖွင့်အရေးယူထားသည်။

ထို့ပြင် ဧပြီ ၄ ရက် သန်းခေါင်ကျော် ည ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် ရေတာရှည်မြို့နေ ဘုန်းမြင့်မိုး (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် ဘုန်းမြင့်မိုး အကောင့်ဖြင့် ရေတာရှည်မြို့သူ/သားများ Group Facebook လူမှုကွန်ရက်စာမျက်နှာ၌ “ကဲ ရေတာရှည် အမျိုးတွေ ဘရင်းကုန်း Positive တဲ့နော်”ဟု ရေတာရှည်မြို့နယ်၊ ဘရင်းကုန်းကျေးရွာ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပိုးတွေ့ရှိကြောင်း မဟုတ်မမှန် ရေးသားဖော်ပြခဲ့သဖြင့် ဘုန်းမြင့်မိုး(၃၆)နှစ်ကို အရေးယူပေးရန် ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နိုင်က တိုင်ကြားခဲ့သည်။

ရေတာရှည်မြို့မရဲစခန်းက(ပ)၁၃၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၇ အရ အမှုဖွင့်အရေးယူထားသည်။