COVID-19 ကြောင့် ယခုနှစ်ရာသီ ပျက်ပြယ်ခဲ့ပါက လီဗာပူးအတွက် မတရားဟု ဘာဘာတော့ဗ်ပြောကြား

COVID-19 ကြောင့် ယခုနှစ်ရာသီ ပျက်ပြယ်ခဲ့ပါက လီဗာပူးအတွက် မတရားဟု ဘာဘာတော့ဗ်ပြောကြား

ဘူလ်ဂေးရီးယားနှင့် မန်ယူအသင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က COVID-19 ကြောင့် ယခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီ ပျက် ပြယ်ခဲ့ပါက လီဗာပူးအတွက် တရားမျှတမှုမရှိကြောင်း Betfair နှင့်တွေ့ ဆုံခဲ့ရာ၌ ၎င်း၏ခံစားချက်အတိုင်း ပြောကြားခဲ့သည်။

လီဗာပူးသည် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ပွဲ ကစားထားပြီး ရမှတ် ၈၂ မှတ် ဖြင့် တစ်ပွဲလျော့ကစားထားသော မန်စီးတီးကို ၂၅ မှတ်ဖြတ်၍ဦးဆောင် နေသည်။ COVID-19 ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရွှေ့ဆိုင်းထားရ ပြီးနောက် လာမည့်ဧပြီ ၃၀ ရက်၌ ပြန်လည်စတင်နိုင်မည်ဟု ယုံကြည်ရသော်လည်း ယခုအခါ အစိုးရ၏ ထောက်ခံမှုနှင့် ဆေးဘက်ဆိုင်ရာ လမ်းညွှန်မှုခွင့်ပြုမှသာ ပြန်လည် ကစားနိုင်တော့မည်ဖြစ်သည်။

လီဗာပူးအသင်းသည် အင်္ဂလန် အဆင့်မြင့်တန်းအမှတ်ပေးဖလားကို ပိုင်ဆိုင်ခဲ့ဖူးသော်လည်း အသင်းသမိုင်း တစ်လျှောက် ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားကို တစ်ကြိမ်တစ်ခါမှမရခဲ့ပေ။ လီဗာပူးသည် ယမန်နှစ်ဘောလုံးရာသီ ကလည်း ချန်ပီယံမန်စီးတီးနှင့် တစ်မှတ် သာကွာပြီး ကံဆိုးခဲ့ရသည်။ ဗြိတိန်၌ COVID-19 ထိန်းချုပ်ရန်ကြိုးစားနေ ရဆဲဖြစ်ပြီး ကူးစက်သူတိုးပွားသလို သေဆုံးမှုများလည်းရှိနေဆဲဖြစ်သည်။

ဘာဘာတော့ဗ်က "ပရိသတ်တွေ အားလုံးကတော့ လီဗာပူးအသင်းကို ဖလားပေးဖို့ အကြံပေးနေကြတယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင် ဒီရာသီမှာ သူတို့လုပ်ပြခဲ့တာနဲ့တင် ပရီးမီးယား လိဂ်ချန်ပီယံဆုဖလားက ထိုက်တန်မှု အပြည့်ရှိပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးကို ဘယ်သူကမှ မီအောင် မလိုက်နိုင်ပါဘူး။ တကယ်လို့ ဒီနှစ် ဘောလုံးရာသီပျက်ပြယ်ခဲ့မယ်ဆိုရင် လီဗာပူးအတွက် တရားမျှတမှုမရှိပါ ဘူး။ သိပ်ဆန်းကြယ်တဲ့အရာလည်း ဖြစ်တယ်။ ဘောလုံးရာသီပျက်သွားရင် ဒါဟာ လီဗာပူးအတွက်လည်း အင်မတန်စိတ်ပျက်စရာကောင်းမှာပါ"ဟု ပြောကြားခဲ့သည်။

ဘာဘာတော့ဗ်သည် ကစားသမား ဘဝက စပါးနှင့် ဖူလ်ဟမ်အသင်းတို့၌ လည်း ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။ ၎င်းသည် မန်ယူအသင်း၌ လေးရာသီ ကြာ ပါဝင်ကစားခဲ့ပြီး ၅၆ ဂိုးသွင်းယူ ခဲ့သူဖြစ်သည်။ ဘာဘာတော့ဗ်သည် ၂၀၁၀ ပြည့်နှစ်က အိမ်ကွင်းအိုးလ် ထရက်ဖို့ဒ်၌ လီဗာပူးကိုဟက်ထရစ် သွင်းခဲ့၍ ၆၄ နှစ်အတွင်း အိမ်ကွင်းပွဲ တွင် လီဗာပူးဘက်သို့ ပထမဆုံးဟက် ထရစ်သွင်းနိုင်သူဖြစ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး