အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ် က ၎င်းအနေဖြင့် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန်ကိစ္စမှာ လက်ရှိအချိန် အထိ မပြီးစီးသေးဟု ဖွင့်ဟပြောကြား ခဲ့သည်။ နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်သည် အသက် ၂၂ နှစ်အရွယ်သာရှိသေးပြီး ၎င်းအားခေါ်ယူရန် ဥရောပအသင်းကြီးများက စောင့်ကြည့် လျက်ရှိသည်။
သတင်းများ၏ဖော်ပြချက်အရ ဗန်ဒီဘိခ်သည် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရယူ ထားပြီးဖြစ်ကြောင်း သိရသည်။ အေ ဂျက်အသင်းမှာ လာမည့်နွေရာသီ အပြောင်းအရွှေ့၌ ဗန်ဒီဘိခ်ကိုဆက် ထိန်းနိုင်ရန်ခက်ခဲနေပြီး မန်ယူအသင်း ကလည်း နယ်သာလန်ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။
အပြောင်းအရွှေ့သတင်းများနှင့် ပတ်သက်၍ ဗန်ဒီဘိခ်က မဂ္ဂဇင်းတစ် စောင်နှင့်အင်တာဗျူးခဲ့ရာ၌ အခိုင်အမာဆိုခဲ့ခြင်း ဖြစ်သည်။
ဗန်ဒီဘိခ်က "လက်ရှိအချိန်မှာတော့ ကျွန်တော် စပိန်စကားမသင်ရသေးဘူး။ အေဂျက် အသင်းကို ချစ်ပါတယ်။ ရီးရဲလ်နဲ့ သတင်းတွေထွက်နေပေမယ့် ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ Yes လို့ ကျွန်တော်မပြောရသေးပါဘူး"ဟု ဆိုခဲ့သည်။
ဗန်ဒီဘိခ်သည် ယခုနှစ်ရာသီ၌ ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားသည်။















