COVID-19 ကြောင့် နည်းပြ ဂွာဒီယိုလာ၏မိခင် ကွယ်လွန်

COVID-19 ကြောင့် နည်းပြ ဂွာဒီယိုလာ၏မိခင် ကွယ်လွန်

မန်စီးတီးအသင်းနည်းပြ ဂွာဒီ ယိုလာ၏ မိခင်ဖြစ်သူ ဒေါ်လာဆာ လာကာရီယိုသည် COVID-19 ကူး စက်ခံရပြီးနောက် ကွယ်လွန်ခဲ့ပြီဖြစ် ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

ဂွာဒီယိုလာ၏မိခင် ဆာလာကာရီယို သည် အသက် (၈၂) နှစ်အရွယ်ရှိပြီး COVID-19 ကို တွန်းလှန်နိုင်ခြင်း မရှိဘဲ ဧပြီ ၆ ရက်က သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဆာလာကာရီယို ကွယ်လွန် ခဲ့သည့်သတင်းကို မန်စီးတီးအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နည်းပြ ဂွာဒီယိုလာနှင့် တစ်သားတည်းရှိနေ ကြောင်း ဆိုခဲ့သည်။

နည်းပြဂွာဒီယိုလာသည် ပြီးခဲ့ သည့်လကပင် COVID-19 ကာကွယ် တိုက်ဖျက်ရေးအတွက် ယူရိုတစ်သန်း လှူဒါန်းခဲ့သူဖြစ်သည်။ စပိန်နိုင်ငံ၌ ကာတာလိုးနီးယားဒေသမှာ COVID-19 ကူးစက်မှုမြန်နှုန်းမြင့်နေသော နေရာတစ်ခု ဖြစ်နေသည်။ ဘာစီလိုနာ အသင်းကလည်း ဂွာဒီယိုလာ၏မိခင် ဒေါ်လာဆာလာဆုံးပါးခဲ့သည်ကို ကြားသိရ၍ အလွန်အမင်းစိတ်မကောင်း ဖြစ်မိကြောင်း၊ နည်းပြဂွာဒီယိုလာနှင့် ထပ်တူဝမ်းနည်းမိဟု ထုတ်ပြန်ခဲ့ သည်။

''မန်ချက်စတာယူနိုက်တက် ကစားသမားတွေ အားလုံးဟာ အခုလိုမျိုး ထိတ်လန့်စရာသတင်းကို ကြားသိရလို့ အင်မတန် စိတ်မကောင်းဖြစ်မိပါတယ်။ နည်းပြဂွာဒီယိုလာအပါအဝင် သူ့ မိသားစုကို ဝမ်းနည်းကြောင်းပြော ချင်ပါတယ်'' ဟု မန်ယူအသင်းက တွစ်တာ၌ စာရေးသားခဲ့သည်။

COVID-19 ကြောင့် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ရာ နည်းပြဂွာဒီယိုလာ အတွက် စိတ်မကောင်းဖြစ်မိကြောင်း မန်စီးတီးကစားသမားများက ပြောကြား ခဲ့သည်။ အသက်(၄၉)နှစ်အရွယ်နည်းပြ ဂွာဒီယိုလာသည် COVID-19 ကာ ကွယ်တိုက်ဖျက်ရေးအတွက် အားတက် သရောပါဝင်နေသူဖြစ်ပြီး ပရိသတ်များ အနေဖြင့် ရောဂါကာကွယ်ရန် အိမ်၌သာ နေထိုင်သင့်ကြောင်း အကြံပြုခဲ့ သည်။

စပိန်နိုင်ငံ၌ ဧပြီ ၇ ရက်အထိ COVID-19 ကူးစက်ခံရသူဦးရေ ၁၃ဝဝဝဝ ကျော်ရှိနေပြီး သေဆုံးသူ ၁၃ဝဝဝ ကျော်ရှိနေကြောင်း သိရသည်။ ဧပြီ ၇ ရက်အထိ COVID-19 ကူး စက်မှုအများဆုံးနိုင်ငံမှာ အမေရိကန် ဖြစ်ပြီး ၃၆ဝဝဝဝ ကျော်ကူးစက်ခံထား ရသည်။

ဥရောပနိုင်ငံများအနက် စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့မှာ COVID-19 ဒဏ်ကို အများဆုံး ခံနေရပြီး ကူးစက်မှုထိန်းချုပ်နိုင်ရန် အရှိန်မြှင့်ကြိုးစားနေရသည်။

 



ဖတ်ရှုမှုအများဆုံး