ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နေရပ်ပြန်များကိုစောင့်ကြည့်စခန်းသို့ ပို့ဆောင်သည့် ယာဉ်တန်းအား ဟန့်တားနှောက်ယှက်သူကို အရေးယူထားကြောင်း ယနေ့ဧပြီ ၇ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧပြီ ၆ ရက် နံနက် ၆ နာရီတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ နယ်စပ်ချက်ပွိုင့်ဂိတ်၌ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း ဦးစီးအဖွဲ့နှင့် ကော့ကရိတ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး နိုင်နိုင်ထွန်း ဦးစီးပူးပေါင်းအဖွဲ့တို့သည် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာအလုပ်သမားများကိုခေါ်ဆောင်၍ မော်တော်ယာဉ် ၆ စီးဖြင့် မွန်ပြည်နယ်သို့ ထွက်ခွာခဲ့သည်။
ထိုသို့ထွက်ခွာစဉ် ဘုရားသုံးဆူမြို့အထွက် ဘီးခွန်ကောက်ခံသည့်နေရာအရောက်၌ ဘုရားသုံးဆူမြို့နေ လင်းလင်း (၃၀)နှစ်က အရက်သေစာသောက်စားမူးယစ်ပြီး ယာဉ်တန်းကိုတားဆီးနှောင့်ယှက်ကာ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဘုရားသုံးဆူ နယ်မြေရဲစခန်းက (ပ)၁၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရအမှုဖွင့် အရေးယူထားသည်။

















