COVID-19 ဂယက်ကြောင့် ခရီးသွားနည်းပါးခြင်းနှင့် ခရီးသွားလာမှု လျှော့ချရေးအတွက် မန္တလေး-မြစ်ကြီးနား လေအိတ်ရထား၃၃/၃၄ ပြေးဆွဲမှုကို ယနေ့ဧပြီ၇ ရက်တွင် ထပ်မံရပ်ဆိုင်းလိုက်ပြီး ရန်ကုန်-မန္တလေးရထားနှစ်စင်းနှင့် ကျန်ရှိသော မြစ်ကြီးနားရထားများ အလားတူ ရပ်နားရန် အစီအစဉ်ရှိကြောင်း မြန်မာ့မီးရထားတိုင်း အမှတ် (၃)မန္တလေး၊လက်ထောက် အထွေထွေမန်နေဂျာ(သွား/လာ)ဦးစံသာအောင်က ဧပြီ ၇ ရက်တွင် ပြောသည်။
မြစ်ကြီးနားလမ်းပိုင်းတွင် ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့က အဲယားကွန်းလေအိတ်ရထား၃၁/၃၂ ကို ရပ်ဆိုင်းခဲ့ပြီး ဖြစ်၍ မန္တလေးဘူတာမှ ထွက်ခွာသည့် ပျဉ်းမနားရထား၊ ပုဂံရထား ၊ မုံရွာရထား ၊ ကောလင်းရထားတို့ကို မတ် ၃၁ ရက်က ရပ်နားခဲ့သည်ဟုဆိုသည်။
“Semi Lockdown လုပ်နေတဲ့အပိုင်းနဲ့ အရင်ကတည်းက သင်္ကြန်ရပ်နားမှာဖြစ်လို့ ရက်စောပြီး ရပ်နားလိုက်သလိုဖြစ်သွားမယ်။ တစ်ရက်ခြားပြေးဆွဲတဲ့ မန္တလေး-လားရှိုး ရထားက ဒီနေ့ မန္တလေးက ထွက်သွားတာရယ်၊ လားရှိုးက ဆင်းလာမှာကြောင့် ၉ ရက်နေ့က စပြီးရပ်မယ်။ ကျန်တဲ့ ရထားခရီးစဉ် အချို့လည်း ဧပြီ ၁၀ ရက်မှာ စရပ်ဖို့ စီစဉ်နေတယ်”ဟု၎င်းက ပြောသည်။
သင်္ကြန်ရက်တွင် မန္တလေး-ရန်ကုန်၊မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှ ကျန်ရှိနေသေးသည့် ရထားခရီးစဉ်များကို နှစ်စဉ်ဧပြီ ၁၃ ရက်မှ၁၆ ရက်နေ့ထိ ရပ်နားရာက COVID-19 ကာကွယ်ထိန်းချုပ်ရန် ခရီးသွားလာမှုလျှော့ချသည့်အနေဖြင့် ရထားခရီးစဉ်များကိုလည်း ဧပြီ ၁၀ ရက်မှ ၁၉ ရက်ထိ ရပ်နားခြင်းဖြစ်သည်။
“မြစ်ကြီးနားလမ်းပိုင်းက ကျန်နေသေးတဲ့ ရထားလိုင်းတွေလည်း ဧပြီ ၁၀ ရက်က စပြီးရပ်နားဖို့ပါ။ မြစ်ကြီးနား -လမ်းပိုင်းမှာ အမြန်ရထား ၂ စင်းနဲ့ ရန်ကုန်-မန္တလေးမှာ အမှတ်၃ အဆန်/၄အစုန်ရယ် ၊၅ အဆန် /၆ အစုန် ရပ်နားဖို့က ကြေးနန်းစောင့်နေပြီ မနက်ဖန်ဆို သေချာမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် မန္တလေးတိုင်းအစိုးရက ဧပြီ ၆ ရက်နေ့ ရက်စွဲဖြင့် ၂/၂၀၂၀ အမိန့်ကြော်ငြာစာထုတ်ပြန်ကာ ခရီးသည် ယာဉ်လိုင်းများရပ်နားရန်နှင့် ခရီးသည်ယာဉ်လိုင်းများ မြို့တွင်းသို့ ဝင်ခွင့်တားမြစ်ထားပြီး အခြားတိုင်းနင့် ပြည် နယ်များသို့ သွားလာနိုင်မည့် လမ်းကြောင်းများ ထုတ်ပြန်ထားသည်။
















