ဒုဌဝတီမြစ်အတွင်း ရေဆင်းချိုးရာက ပျောက်ဆုံးနေသည့် မိန်းကလေးငယ် နှစ်ဦး၏ အလောင်းများကို ယနေ့ ဧပြီ ၇ ရက်နေ့တွင် ပြန်လည်တွေ့ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် နောင်ကပ်ကျေးရွာရှိ ဒုဌဝတီမြစ်အတွင်း လူသေအလောင်း ၂ လောင်းပေါ်နေကြောင်း သတင်းအရ သီပေါမြို့မရဲစခန်းမှ ဒုရဲအုပ်ရဲသီဟနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ ဧပြီ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က သီပေါမြို့နေ မအေးကုလား(ခ)မြတ်အေးစံ၊(၁၆)နှင့် မသီသီအောင်(၁၀)နှစ်တို့ ဒုဌဝတီမြစ်အတွင်း ရေဆင်းချိုးခဲ့ကြောင်း သိရသည်။
ထိုသို့ ရေချိုးနေစဉ် ရေထဲမျောပါ ပျောက်ဆုံးခဲ့ပြီး အလောင်းများ ယနေ့ ပြန်ပေါ်လာခြင်း ဖြစ်ကြောင်းသိရသည်။
အလောင်း(၂)လောင်းကို နယ်စည်းမခြားပရဟိတ (သီပေါ)မှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီးသီပေါမြို့မရဲစခန်းက သေမှုသေခင်းအမှတ်(၁၀/၂၀၂၀) အရအမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















