ရီးရဲလ်မက်ဒရစ်ဘောလုံးအသင်းကစားသမားများနှင့် ဘတ်စကတ်ဘော အသင်းတို့သည် COVID-19 အကျပ်အတည်းကာလ၌ ရာသီကုန်ထိ လစာလျှော့ယူရန် ဆုံးဖြတ်ခဲ့ပြီဖြစ် ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။
ကူးစက်မြန် COVID-19 ကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ဆိုးကျိူးသက်ရောက်မှုများဖြစ်ပေါ် နေရာ ဘောလုံးအားကစား နယ်ပယ်မှာလည်း အထိနာလျက်ရှိသည်။ COVID-19 ကြောင့် ဥရောပ ထိပ်တန်းလိဂ်ဘောလုံးပွဲများ ရပ်နားထားရပြီးကလပ်အသင်းအများစုမှာ ငွေကြေးဆုံးရှုံးမှုများရှိနေသည်။
လာလီဂါ အင်အားကြီးအသင်းများအနက် ဘာစီလိုနာနှင့် အက်သလက်တီကို အသင်းကစားသမားများသည် COVID-19 ကာလအတွင်း အသင်းထံမှလစာလျှော့ယူရန် သဘောတူညီခဲ့ပြီး ဖြစ်သည်။
၂၀၁၉-၂၀ ရာသီပြီးစီးအောင် ကျင်းပနိုင်ခြင်း ရှိ/မရှိအပေါ်မူတည်၍ ဘောလုံးအသင်းနှင့် ဘတ်စကတ်ဘောအသင်းမှ ကစားသမားများ နည်း ပြများနှင့် ကလပ်ဒါရိုက်တာများမှာ ရာသီကုန်အထိစေတနာအလျောက် လစာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းလျှော့ယူရန် သဘောတူညီခဲ့ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းဝက်ဘ်ဆိုက်ဒ် မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘောလုံးနှင့် ဘတ်စကတ်ဘောအသင်းမှကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များသည် COVID-19 ကြောင့် ရပ်နားထားသော ပွဲများပြန်လည် စတင်နိုင်ပါက လစာ၏ ၁၀ ရာခိုင်နှုန်းသာ လျှော့ယူရမည်ဖြစ်ပြီး ဖျက်သိမ်းဖြစ်ခဲ့ပါက လစာ၂၀ ရာခိုင်နှုန်းလျှော့ယူရမည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အသင်း၏ ယခုအစီအစဉ်သည် အသင်းဝန်ထမ်းများကို အကာအကွယ်ပေးခြင်းဖြစ်ပြီး စီးပွားရေးကာမိရန်လုပ်ဆောင်ခြင်းဖြစ်သည်။
စပိန်နိုင်ငံတွင် ဧပြီ ၉ ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ ၁၄၀၀၀၀ ကျော်နေပြီး သေဆုံးသူ ၁၄၀၀၀ ကျော်ရှိနေသည်။COVID-19 ကာကွယ်တိုက်ဖျက်ရေးအတွက် အရှိန်မြှင့်ကြိုးပမ်းနေသည့်အချိန် စပိန်၌ လာမည့်ဧပြီ ၂၆ ရက်နေ့အထိ Lockdown ချထားဟု သိရသည်။















