ဘင်္ဂါလီဒုက္ခသည်များ ခိုလှုံနေသည့် ကော့စ်ဘဇား၌ COVID-19 ကူးစက်မှုမရှိစေရေး လူဝင်လူထွက်ပိတ်ပင်

ဘင်္ဂါလီဒုက္ခသည်များ ခိုလှုံနေသည့် ကော့စ်ဘဇား၌ COVID-19 ကူးစက်မှုမရှိစေရေး လူဝင်လူထွက်ပိတ်ပင်

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသော ဘင်္ဂါလီဒုက္ခသည်များစွာ နေထိုင်နေသည့် ကော့စ်ဘဇားစီရင်စု၌ COVID-19 ကူးစက်မှုမရှိစေရေး ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် ကူးသန်းသွားလာမှုကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိများက ပြောဆိုခဲ့သည်။

လူနည်းစုဝင်မွတ်စလင်များ ခိုလှုံနေသည့် ဒုက္ခသည်စခန်းများတွင် COVID-19 လျှင်လျှင်မြန်မြန်ကူးစက်ပျံ့နှံ့သွားနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ဒုက္ခသည်စခန်းများတွင် COVID-19 ကူးစက်ခံရထားသူရှိနေကြောင်း စစ်ဆေးတွေ့ရှိခြင်းမရှိသေးသော်လည်း စခန်းများ အနီးတွင်မူ ကူးစက်ခံထားရသူတစ်ဦးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။

အခြေအနေများ တိုးတက်လာသည်အထိ ကော့စ်ဘဇားစီရင်စုတွင် လူဝင်လူထွက်ပိတ်ပင်ထားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဘင်္ဂါလီဒုက္ခသည်များအပါအဝင် လူ ၃ ဒသမ ၄ သန်းခန့်နေထိုင်သည့် စီရင်စု၌ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သည်များသည် အဓိကလမ်းမကြီးများပေါ်တွင် အတားအဆီးအပိတ်အပင်များကို ချထားခြင်း၊ကင်းလှည့်လည်ခြင်းတို့ကို ပြုလုပ်နေသည်။

ပရဟိတအဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ သွားလာမှုကန့်သတ်ထားလိုက်ပြီဖြစ်ပြီး ဒုက္ခသည်စခန်းသို့ ဝင်ရောက်ခွင့်ရသည့် ပရဟိတဝန်ထမ်းအင်အားကိုလည်း ၈၀ ရာခိုင်နှုန်းလျှော့ချလိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်ဆိုင်ရာကော်မရှင်နာ မာဘက် အာလမ် တာလက်ဒါကပြောဆိုခဲ့သည်။ ဒုက္ခသည်စခန်းတွင်းသို့ အစားအစာနှင့် ဆေးဝါးပို့ဆောင်မှုကိုသာ ဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

မကြာသေးမီတွင် ပြည်ပသို့ ခရီးသွားခဲ့သူများသည်လည်း စခန်းများတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး