နယ်သာလန်တောင်ပံကစားသမားဟောင်း အာဂျန်ရော်ဘင်က ဇနီးသည်ဖြစ်သူမှာ COVID-19 ကူးစက်ခံရပြီးနောက် ခက်ခဲစွာနေထိုင်ခဲ့ရသော်လည်း လက်ရှိအချိန်တွင် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း မီဒီယာ တစ်ခုသို့ အသိပေးပြောကြားခဲ့သည်။
ဘောလုံးလောကမှ အနားယူခဲ့ပြီဖြစ်သော ရော်ဘင်၏ ဇနီးသည်မှာ ဘာနာဒီယန်ဟု အမည်ရပြီး COVID-19 ဖြစ်ခဲ့၍ အသက်ရှုရ အင်မတန်ခက်ခဲစွာနေထိုင်ခဲ့ရကြောင်း သိရသည်။
ဥရောပနိုင်ငံများ အနက် နယ်သာလန်မှာ အီတလီနှင့် စပိန်ထက် COVID-19 ကူးစက်မှု မတိုးပွားသော်လည်းလက်ရှိတွင် ကူးစက်ခံရသူ နှစ်သောင်းကျော်ရှိကာ သေဆုံးသူ နှစ်ထာင်ကျော်ရှိနေသည်။
ရော်ဘင်က ဇနီးသည်မှာ COVID-19ကြောင့် အသက်ရှုရာ၌ ဒုက္ခများခဲ့ကြောင်း ဇနီးသည် ဗိုင်းရပ်စ်ကူးစက်ခံရသည့်အချိန် အကူအညီပေးမည့် မိတ်ဆွေသူငယ်ချင်းများ ရှိနေသည်မှာကံကောင်းထောက်မခဲ့ကြောင်း ဘာနာဒီယန်မှာ COVID-19 ကြောင့် ဆိုးဆိုးရွားရွား ခံစားခဲ့ရကြောင်း သို့သော် လက်ရှိတွင် ကံကောင်းစွာဖြင့် Negative ပြန်တွေ့ရကာ ကျန်းမာရေးပြန်လည် သက်သာကောင်းမွန်နေကြောင်း ပြောကြားခဲ့သည်။
အသက် ၃၆နှစ်အရွယ် ရော်ဘင်သည်၂၀၀၀ ပြည့်နှစ်က ကစားသမားဘဝစတင်ခဲ့သူ ဖြစ်ပြီး ဂရိုနင်ဂျန် ပီအက်စ်ဗွီ ချယ်လ်ဆီး ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်၌ ပါဝင်ကစားခဲ့သူဖြစ်သည်။
နယ်သာလန်အသင်းအတွက် ၉၆ပွဲ ကစားပေးခဲ့သော ရော်ဘင်သည် ဘိုင်ယန်မြူးနစ်၌ ကာလရှည် ကစားပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့သည်။ ရော်ဘင်သည် ဇနီးသည်ဖြစ်သူနှင့် ၂၀၀၇ခုနှစ် ဇွန် ၉ ရက်က မင်္ဂလာဆောင် ခဲ့ပြီး သားနှစ်ယောက်နှင့် သမီးတစ်ယောက် ပိုင်ဆိုင်ထားသည်။















