Covid-19 ကာလအတွင်း နယ်မြေလုံခြုံရေးအတွက် ပူးပေါင်းအဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေ

Covid-19 ကာလအတွင်း နယ်မြေလုံခြုံရေးအတွက် ပူးပေါင်းအဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid- 19 ကာကွယ်ရေးအတွက် Home Stay သတ်မှတ်ထားသည့် ကာလအတွင်း ဒုစရိုက်မှုများလျော့နည်း ကျဆင်းစေရေးနှင့် နယ်မြေလုံခြုံရေးအတွက် မြို့နယ်များအတွင်း ပူးပေါင်းအဖွဲ့ဝင်များပါဝင်သည့် လုံခြုံရေးအဖွဲ့က လှည့်ကင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက မြန်မာတိုင်းမ်သို့ ဧပြီ ၁၀ ရက်တွင် ပြောသည်။

'' Covid- 19 စောင့်ကြည့်ကာလအတွင်း ပြည်သူတွေ စည်းကမ်းလိုက်နာကြတာကြောင့် အပြင်ထွက်တဲ့သူတွေ နည်းပါးလို့ လမ်းပေါ် လူသိပ်မရှိဘူး။ လူအနည်းငယ် သွားလာတာက လွဲပြီး သိပ်မရှိဘူး။ ရပ်ကွက် လုံခြုံရေးတွေကိုလည်း သူ့ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်ယူကြတယ်။ နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် မီးတန်းဆိုင်ကယ် ၂ စီး နဲ့ ရဲတပ်ရင်းကား၊ မြို့နယ်မှူး ယာဉ်နဲ့ မီးတန်းယာဉ်တွေနဲ့ လှည့်ကင်းဆောင်ရွက်နေတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

လူစည်ကားရာနေရာအများစုအား အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာက အချိန်ပြည့်ဆောင်ရွက်နေခြင်းကြောင့် စိတ်ပူပင် စရာ မရှိကြောင်း ၎င်းကပြောဆိုသည်။ 
'' မှုခင်းဖြစ်ပွားမှုကတော့ ပုံမှန်ပါပဲ။ လုယက်မှုနဲ့ ခိုးမှုက ပိုဖြစ်လာတယ်။ အခုတလောဖြစ်ပွားနေတဲ့ Covid -19 ကပ် ရောဂါကြောင့် လူတွေက အလုပ်အကိုင် ရှားပါးလာတယ်။ အရောင်းအဝယ်တွေ မဖြစ်တာတွေရယ်ကြောင့် ဒီလိုဖြစ်ရပ်တွေ များလာတယ်။လူသတ်မှုလို အမှုကြီးဖြစ်ပွားမှုကတော့ သိပ်မရှိ သလောက်ပါဘဲ။ ခိုက်ရန်ဖြစ်ပွားမှုနဲ့ လက်နက်ပုံးဖမ်းဆီးမှုတွေကို ရဲတပ်ဖွဲ့ အနေနဲ့ အရင်လို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး ကပြောသည်။

အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် Covid- 19 နှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၏ဒေသန္တရအမိန့်များ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည့် အမှု များ၊ Covid -19 ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူများကိုလည်း ကိုယ်ထိ လက်ရောက် ကျူးလွန်ရာမှ လူသတ်မှု၊ နာကျင်စေမှုများလည်း ဖြစ်ပွားခဲ့သည်။ ထို့အပြင် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံ သတင်းဖန်တီးသူများအား ဖမ်းဆီးနေပြီး ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သည့် မင်္ဂလာဆောင်ပွဲ ကျင်းပသည့် ဖြစ်စဉ်မှလွဲ၍ အခြားဖြစ်စဉ် မရှိသလောက် ဟုဆိုသည်။

” ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ကိုဗစ်ကာလမှာ စောင့်ကြပ်ကြည့်ရှုဖို့ ဖွင့်ထားတဲ့ စခန်းတွေမှာ လုံခြုံရေး ဆောင်ရွက်ရတဲ့အပြင် လော့ခ်ဒေါင်းလုပ်ရင် ဘာတွေ ဆောင်ရွက်ရမလဲဆိုတဲ့ အစီအမံတွေကိုလည်း ကြိုတင်ပြင်ဆင်ထားရတယ်။ တစ်ဖက်မှာလည်း မှုခင်းလျော့နည်းကျဆင်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရတဲ့ အပိုင်းတွေက အရင်အတိုင်းပါပဲ" ဟု လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်က ပြောသည်။

တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် မှုခင်းလျော့နည်းကျဆင်းရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး အခန်းကဏ္ဍမှာ ရဲတပ်ဖွဲ့၏ အဓိကလုပ်ငန်းတာဝန်တစ်ခုဖြစ်ပြီး ယခုကာလတွင်သာမက ယခင် လုပ်ဆောင်မြဲဖြစ်သည့် ရပ်ရွာအခြေပြုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

" တရားဥပဒေစိုးမိုးရေးအတွက် ယစ်မျိုး၊ လက်နက် နဲ့ နာကျင်စေမှု တွေ ကို အဓိကဖမ်းဆီး ဆောင် ရွက်တယ်။ နာကျင်စေမှုတွေတော့ လျော့နည်းသွားတယ်။ လုယက်မှုတွေမဖြစ်အောင် မှုခင်းကြိုတင်ကာကွယ်ရေး ဖမ်းဆီးမှုတွေဆောင်ရွက်ရတယ်" ဟု ရဲမှူးခင်ဇော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နေ့စဉ်လူစည်ကားသည့်နေရာများ၌ ရပ်ကင်းဆာင်ရွက်ခြင်း၊ မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် လှည့်ကင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ယခင်ထက် ပိုမို ဆောင်ရွက်လျက်ရှိသည်။

'' သင်္ကြန်ရုံးပိတ်ရက်နဲ့ Covid- 19 ကူးစက်မှုမခံရအောင်လို့ အများပြည်သူတွေ အပြင်မထွက်တဲ့ ကာလမှာ လမ်းပေါ်ရှိနေတဲ့ ပြည်သူတွေ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်အောင် မြို့နယ်မှူး၊ ရဲတပ် ရင်းအဖွဲ့၊ ယာဉ်ထိန်း၊ မီးတန်းဆိုင်ကယ်နဲ့ မီးတန်း လှည့်ကင်းယာဉ် စုစုပေါင်း အယောက် ၃၀ နီးပါး သုံးပြီး မြို့နယ် အတွင်းလှည့်ကင်း ဆောင် ရွက်မှု တွေကို ဒီရက်ပိုင်းဆောင်ရွက်နေတယ်။ ပုံမှန်လှည့် ကင်းတွေကို ခါတိုင်းလို နေ့/ညလှည့်ကင်း တွေ ပုံမှန်အတိုင်း မြို့နယ်အလိုက်ဆောင်ရွက်နေတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် ရဲတပ်ရင်းများကို အသုံးပြုကာအင်အား ၅၀၀၀ နီးပါးဖြင့် လုံခြုံရေး ဆောင်ရွက် ပေးခဲ့သည်။

” ယာဉ်အသွားအလာနည်းပါးတာကြောင့် ယာဉ်လမ်းကြောရှင်းလင်းပြီး ယာဉ်တိုက်မှုတွေ အရင်ထက် လျော့နည်းသွားတယ်။ ဖေဖော်ဝါရီလတစ်ခုထဲမှာတင် ယာဉ်တိုက်မှု ၂၀၄ မှုရှိတယ်။ အခုနောက်ပိုင်း တော့ဒီထက်လျော့သွားတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး ရန်ကုန်မှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။