မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြရည်နန္ဒာတိုက်ခန်းအမှတ် ၂၆ မှ မတ် ၂၇ ရက်နေ့က COVID-19 Positive တွေ့ရှိသူ လူနာ အမှတ်-၄ နေထိုင်ရာအနီးဝန်းကျင်မှ တိုက်ခန်း ၁၁ ခန်းရှိ နေထိုင်သူ ၂၈ ဦးကို Home Quarantine ထားရှိဆောင်ရွက်ခဲ့ရာ ဧပြီ ၁၀ ရက် ညနေပိုင်းမှစ၍ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်သည်။
အဆိုပါတိုက်ခန်း၌ အခန်းပေါင်း ၁၆ ခန်းရှိရာ လူမနေသည့် တိုက်ခန်း ၄ ခန်းနှင့် လက်ရှိလူနေထိုင်သည့် အခန်း ၁၁ ခန်းမှ မိသားစုဝင်ပေါင်း ၂၈ ဦးတို့အတွက် Home Quarantine ထားရှိချိန်၌ စားသောက်ရေးကို စီစဉ်ပေးခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်မိုးက ပြောသည်။
“သူတို့စားဝတ်နေရေးအဆင်ပြေအောင် Delivery ချိတ်ဆက်နိုင်ဖို့နဲ့ လူမှူရေးအသင်းရယ်၊အလှူရှင်တွေနဲ့ ပူးပေါင်းပြီး နေ့စဉ်ဆောင်ရွက်ပေးတယ်။စိတ်ဓာတ်ခွန်အားပေးဖို့ ကျွန်တော်ကိုယ်တိုင် ကူညီဆောင်ရွက်ရင်း အား ပေးစကားပြောတယ်။ဒီမနက်ကစလို့ Home Quarantine လွတ်မြောက်သွားလို့ ပိတ်ထားတာတွေ ပြန်ဖွင့်ပေးလိုက်ပါပြီ”ဟု ၎င်းက ပြောသည်။
မတ် ၂၇ ရက်က Positive လူနာစတင်တွေ့ရှိပြီးနောက် လူနာနေထိုင်သည့် မြရည်နန္ဒာတိုက်ခန်း ၁၁ ခန်းတွင် နေထိုင်သူမိသားစု ၂၈ ဦးကို Home Quarantine အဖြစ်ထားရှိခဲ့ပြီး ချမ်းမြသာစည်မြို့နယ်အတွင်းသို့ နိုင်ငံရပ်ခြားမှ ပြန်လာသူများကို သံဃဆေးရုံတွင် Facility Quarantine ထားရှိသည်။
မြရည်နန္ဒာတိုက်ခန်းမှ Positive လူနာအမှတ် ၄ အား နောက်ဆုံးစစ်ဆေးချက်များအရ ပိုးမတွေ့ အဖြေထွက်သဖြင့် ဧပြီ ၈ ရက်ညနေပိုင်းက Hotel Quarantine အဖြစ် စောင့်ကြည့်မှူဆက်လက်ဆောင်ရွက် ထားကြောင်း၊ဧပြီ ၁၀ ရက်နေ့ထိစာရင်းများအရ မန္တလေးတွင် Facility Quarantine ၁၄ ရက်ပြည့်သူ ၂၃ ဦး၊ ဆောင်ရွက်ဆဲ ၂၄၀ဦးနှင့်Home Quarantine ၃ ဦးရှိကြောင်း သိရသည်။
















