COVID-19 ပိုးတွေ့လူနာအမှတ်၂၅ နှင့် ထိတွေ့ခဲ့သော မိုးကုတ်မြို့မှနှစ်ဦးအား Quarantine Center ဖွင့်လှစ်ထားသည့် ပိတ်စွယ်ရပ်၊အ.ထ.က ၂ သို့ ဧပြီ ၁၀ ရက်က ပို့ဆောင်ထားပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မိုးကုတ် COVID-19ကာကွယ်ရေးတိုက်ဖျက်ရေးကော်မတီမှ သိရသည်။
၎င်းတို့ နှစ်ဦးသည် ပိုးတွေ့လူနာနှင့် မတ် ၁၅ ရက်နေ့က နောက်ဆုံးထိတွေ့ခဲ့သူများဖြစ်ပြီး မိုးကုတ်သို့ ဧပြီ ၄ ရက်၌ ရောက်ရှိခဲ့ရာ ရက်ပေါင်း ၂၆ ရက်ကျော်ကြာပြီဖြစ်သော်လည်း ဒေသခံများ စိုးရိမ်စိတ်မရှိစေရန် ကျန်းမာရေးစောင့်ရှောက်မှူပေးထားသည်ဟု ဆိုသည်။
“မတ် ၁၅ ရက်နေ့က ပိုးတွေ့လူနာအမှတ်၂၅ နဲ့ထိတွေ့မှုရှိခဲ့ပြီး မိုးကုတ်ကို ဧပြီ ၄ရက်နေ့ကတည်းက ရောက်နေတာ ပါ။ဘာလက္ခဏာမှမရှိဘူး။ဒေသခံတွေ စိုးရိမ်စိတ်မရှိဖို့ အထက(၂) ပိတ်စွယ်က Quarantine Center မှာထားပါတယ်။ထူးခြားဖြစ်စဉ်ရှိရင် အချိန်နဲ့အမျှထုတ်ပြန်ပေးမှာပါ”ဟု လူမှုကယ် ဆယ်ရေးအဖွဲ့(မိုးကုတ်) မှကိုဟိန်းထက်မောင် က ပြောသည်။
မိုးကုတ်မြို့တွင် Quarantine Center ၆ ခုရှိရာ ဓမ္မရံသီကျောင်းမှ ၅၆ ဦးမှာ ၁၄ ရက်ပြည့် မြောက်ခဲ့သဖြင့် နေအိမ်များသို့ပြန်ခွင့်ပေးခဲ့ဲပြီး ဖောင်တော်ဦးမင်္ဂလာတိုက်တွင် ၅၃ ဦး၊ရွေကူကြီးသိမ်ကုန်းတွင် ၄၉ ဦး အထက(၁)တွင် ၇၇ဦး၊အလက(၁)ရှမ်းတောတွင် ၆၇ဦးနှင့် အထက (၂)ပိတ်စွယ်တွင် ၉၂ ဦးစုစုပေါင်း စောင့်ကြည့်လူနာ(၃၃၈)ဦးသာ ကျန်ရှိ၍ အားလုံးမှာကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
“ရန်ကုန်ကပြန်ခဲ့တာအရင်လ ၂၁ ရက်ကတည်းကပါ။မန္တလေးမှာ ၁၅ ရက်လောက်နေပြီးမိုးကုတ်ကို ဧပြီ ၄ ရက် မှာ ပြန်ရောက်တယ်။ရန်ကုန်မှာဖြစ်နေတဲ့အချိန်က ရန်ကုန်က ကျွန်တော့်ယောက်ဖနဲ့ သိပ်မဆုံဖြစ်သလို သူလည်း အဲဒီတုန်းက နေမကောင်းမဖြစ်သေးပါဘူး။လက်ရှိ ကျွန်တော်
တို့ကျန်းမာရေးကောင်းမွန်နေပါတယ်။ လိုလေသေး မရှိထားပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု Quarantine ရောက်ရှိနေသူက ပြောသည်။
COVID-19 ပိုးတွေ့ရှိလူနာအမှတ် ၂၅ မှာ အသက် ၅၅ နှစ်အရွယ်ခန့်အမျိုးသားဖြစ်၍ ရန်ကုန်မြို့ ၊ဗဟန်းမြို့ နယ်မှဖြစ်ရာ ၎င်းမိသားစုနှင့် နေထိုင်ရာဝန်းကျင်မှ နေထိုင်သူများကို Home Quarantine ဆောင်ရွက်ထားကြောင်း၊အဆိုပါလူနာသည် မတ် ၂၃ရက်မှ ၂၅ရက်ထိ မြိတ်မြို့ရှိမင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
















