ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ကူညီမှု (၅)မျိုး (အခမဲ့) ထောက်ပံ့ပေးသော စားသောက်ကုန်ပစ္စည်းများအား ဧပြီ ၁၁ ရက်ညနေ ၃ နာရီက ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့တွင် စတင်ဖြန့်ဝေပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်နှင့် မြို့ဟောင်းအနောက်ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများအား အိမ်တိုင်ရာရောက် ဖြန့်ဝေပို့ဆောင်ခဲ့သည်။
သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အိမ်ထောင်စု (၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာနှင့် ကြက်သွန်(၁)ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅)မျိုးစီကို သန်လျင်မြို့နယ်အတွင်း ရပ်ကွက်(၁၇)ခုနှင့် ကျေးရွာ (၂၈)ရွာ၊ စုစုပေါင်း (၄၅)အုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၃၉၉၉၁)စုတို့ကို အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးမည်ဖြစ်သည်။

















