မြို့နယ်လေးခုအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားရသူ ငါးဦးရှိကြောင်း ယနေ့ဧပြီ ၁၂ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧပြီ ၁၀ ရက် ည ၉ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါစောင့်ကြည့် လူနာများထားရှိသည့် အ.ထ.က(ကိုးတောင်ဘို့)၌ လုံခြုံရေးဆောင်ရွက်နေစဉ် သန်းဝင်း(ခ) သောင်းဝင်း(၄၅)နှစ်ပါ အမျိုးသား နှစ်ဦး ရောက်ရှိလာပြီး ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ခြင်း၊ မချေမငံပြောဆို နှောင့်ယှက်ခြင်းများပြုလုပ်ခဲ့သဖြင့် သန်းဝင်း(ခ)သောင်းဝင်းပါ ၂ ဦးကိုအရေးယူပေးရန်တိုင်ကြား ခဲ့သည်။
ကန့်ဘလူမြို့မရဲစခန်းက (ပ)၅၈/၂၀၂၀၊သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိသည်။
အလားတူ ဧပြီ ၁၀ ရက် ည ၁၀ နာရီခွဲခန့်တွင် မြစ်သားမြို့နယ်၊ ပြည်လုံးအံ့ ကျေးရွာနေ မျိုးမင်းသန်း(ခ) တက်ခါး(၃၅ နှစ်)သည် အရက်မူးယစ်ကာစောင့်ကြည့်လူနာများထားရှိသည့် အ.လ.က(ပြည်လုံးအံ့) အတွင်းဝင်ရောက်မည်ပြုသဖြင့် ရာအိမ်မှူးနှင့်အဖွဲ့က တားမြစ်စဉ် မချေမငံပြောဆို ၍ ကျောင်းအတွင်း ၂ ကြိမ်ဝင်ရောက်ကာ စောင့်ကြည့်လူနာ ဖိုး--(၂၄)နှစ်ကို တွေ့ဆုံခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မြစ်သားမြို့မရဲစခန်းက(ပ)၉၈/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့်အရေးယူထားသည်။
ထိုပြင် မတ်လ ၃၀ ရက်နေ့ ည ၇ နာရီတွင် ကျိုင်းတုံမြို့နယ်၊ ဟိုနားအောက်ကျေးရွာနေ
ပြည့်ဖြိုးအောင်သည် ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်မြင့်သန်းနှင့်အတူ ကျေးရွာအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်သည့်အနေဖြင့် နေအိမ်များ၌ ဧည့်သည်များ ရောက်ရှိလာပါက သတင်းပို့ရန် လှည့်လည်ပြောကြားနေစဉ် ဦးအောင်ဝင်းက ဆဲဆိုနှောင့်ယှက်ပြီး ဓားဖြင့် လိုက်လံထိုးသဖြင့် ဧပြီ ၁၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ကျိုင်းတုံမြို့မရဲစခန်းက (ပ)၂၇၃/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရဦးအောင်ဝင်း(၅၇)နှစ်ကို အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
ထိုနည်းတူ
ဧပြီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ၁၅ မိနစ်အချိန် ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်ရှိ ရွှေကျင်ဘုန်းကြီးကျောင်းအနီး၌ ရုံးကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှုကို ကျုံးရိုးကျူးကျော်ရပ်နေ အိမ်ထောင်စု ၃၁ စုထံ ဆန်/ဆီ/ဆား/ပဲ/ကြက်သွန်တို့ပေးဝေနေစဉ် ကျုံးရိုးကျူးကျော်ရပ်နေ ဦးမျိုးခိုင်(၅၅)နှစ်သည် အရက်မူးယစ်ကာရောက်ရှိလာပြီး ဆဲဆို၍ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား လိုက်လံ တွန်းထုတ်နှောင့်ယှက်ခဲ့သောကြောင့် ဦးမျိုးခိုင်ကိုအရေးယူပေးရန် တိုင်ကြားခဲ့သည်။
ပဲခူးမြို့မရဲစခန်းက(ပ)၇၅၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)အရအမှုဖွင့် အရေးယူထားသည်။

















