ရှမ်းပြည်နယ် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ MPT ဝန်ဆောင်မှုရုံး၌ ဧပြီ ၁၂ ရက်ည ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှုတွင် လက်ပစ်ဗုံးဟု ယူဆရသည့်အရာဖြင့်၂ကြိမ်ဖောက်ခွဲခံခဲ့ရသည်ဟု မူဆယ်မြို့နယ်ရဲစခန်းမှ ကနဦး သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူထိခိုက်မှုမရှိခဲ့ဘဲ အဆောက်အဦနှင့် အနီးနားရပ်ထားသည့် အိမ်စီးယာဉ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရပြီး ရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)သတင်းနှင့် ပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “လက်ရှိချိန်ထိတော့ အမှု မဖွင့်ရသေးဘူး။အသေးစိတ်စစ်ဆေးမှု စုံစမ်းမှုတွေလုပ်နေဆဲပဲဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ဖြေဆိုခဲ့သည်။
ဖြစ်စဉ်ကြောင့်ဝန်ဆောင်မှုရုံးအတွင်းအပြင်အဆောက်အဦပျက်စီးခဲ့သည့်အပြင် ရုံးအနီးတွင်ရပ်ထားသော HONDA FIT အမျိုးအစားယာဉ်တွင် နောက်မှန်ပျက်စီးခြင်း၊WISH အမျိုးအစားယာဉ်တွင် နောက်မှန်နှင့် KIA အမျိုးအစားယာဉ်တွင် အလယ်မှန်တို့ပျက်စီးခဲ့ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။
“လူထိခိုက်မှုမရှိပါဘူး။ဘေးနားက အိမ်တွေက ပြူတင်းပေါက်မှန်တွေ ကွဲတာတွေရှိတယ်။ချက်ချင်းပဲ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းတွေ ရောက်လာတယ်။ ညတွင်းချင်းလုံခြုံရေးယူတာ တွေ့ရတယ်”ဟု မျက်မြင်တွေ့သူ ကိုမိုင်းညီမောင်ဦး က ပြောသည်။
ညအချိန်ဖြစ်၍ ပေါက်ကွဲမှုအသံမှာ ကျယ်လောင်ခဲ့သဖြင့် မြို့ခံအချို့ထိတ်လန့်မှုများရှိခဲ့ကြောင်းဒေသခံ အချို့ပြောဆိုမှုများရှိခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမှုများဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
















