ညောင်ရွှေမြို့နယ်၌ စောင့်ကြည့်လူနာများထားရှိရာ ကျောင်းအတွင်းဝင်ရောက်သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ အရ အမှုဖွင့်ထားကြောင်း ယနေ့ဧပြီ ၁၃ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၇နာရီအချိန် ညောင်ရွှေမြို့နယ်၊ ဟဲလုံကျေးရွာနေ ဇော်မင်းဦး(၃၄)နှစ်သည် အရက်သေစာသောက်စားမူးယစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသံသယဖြင့် စောင့်ကြည့်လူနာများထားရှိသည့် ညောင်ရွှေမြို့နယ်၊ ဟဲလုံကျေးရွာ၊ အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီမိနစ်၅၀ အချိန်တွင် ဇော်မင်းဦး(၃၄)နှစ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
နန်းပန်နယ်မြေရဲစခန်းက(ပ)၉/၂၀၂၀၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)(ခ)အရအမှုဖွင့် အရေးယူထားသည်။

















