ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ဒီဒီယာဒရော့ဘာသည် COVID-19 ကာကွယ်တိုက်ဖျက်ရေးအတွက် အိုင်ဗရီကို့စ်နိုင်ငံ အဘီဂျန်ရှိ ကိုယ်ပိုင်ဆေးရုံအားအိုင်ဗရီကို့စ်အစိုးရထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း AFPသတင်းဌာနက ဖော်ပြခဲ့သည်။
ကစားသမားဘဝ၌အောင်မြင်မှုများစွာ ရရှိခဲ့သောအသက် ၄၂နှစ်အရွယ် တိုက်စစ်မှူးဟောင်း ဒရော့ဘာသည်အိုင်ဗရီကို့စ်လက်ရွှေးစင်အသင်းအတွက်၁၀၅ ပွဲကစားခဲ့ရာ ၆၅ ဂိုးသွင်း ယူခဲ့သူဖြစ်သည်။
ဒရော့ဘာသည် ချယ်လ်ဆီးအသင်းနှင့်လည်း ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်သည်။
ကူးစက်မြန်COVID-19သည်တစ်ကမ္ဘာလုံးသို့ပျံ့နှံ့နေရာ အိုင်ဗရီကို့စ်နိုင်ငံ၌လည်း ဗိုင်းရပ်စ်ကူးစက်မှုများ ရှိနေသည်။
ဒရော့ဘာ၏ဆေးရုံမှာ လောရင့်ပိုကူးဟု အမည်ရပြီး အိုင်ဗရီကို့စ်နိုင်ငံအဘီဂျန်ရှိအက်တီကိုဘီ၌တည်ဆောက်ထားခြင်းဖြစ်သည်။
ဆေးရုံ၏အမည်မှာ ၂၀၁၆ ခုနှစ်ကကွယ်လွန်ခဲ့သော အိုင်ဗရီကို့စ်နည်းပြနှင့်ကစားသမားဟောင်းလောရင့်ပိုကူးကို ဂုဏ်ပြု၍ အမည်ပေးထားခြင်းဖြစ်သည်။
COVID-19ကုသရေးစင်တာအဖြစ် ကိုယ်ပိုင်ဆေးရုံအားပေးအပ်ခဲ့သည့် ဒရော့ဘာအားကျေးဇူးတင်ရှိကြောင်းနှင့် ဒရော့ဘာကမျိုးချစ်စိတ်ကိုပြသခဲ့သည်ဟုအဘီဂျန်မြို့တော်ဝန်ဗင်းဆင့်တိုဘီက ပြောကြားခဲ့သည်။
COVID-19ကာကွယ်တိုက်ဖျက်ရေးအတွက်ဘောလုံးသမားများနှင့် ကစားသမားဟောင်းများက အကူအညီများပေးနေရာ ဒရော့ဘာကလည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။အနောက်အာဖရိကရှိ အိုင်ဗရီကို့စ်နိုင်ငံတွင် ဧပြီ၁၃ ရက်ထိ COVID-19 ကူးစက်သူ ၅၇၀ ကျော်ရှိနေပြီး၅ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။















