COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသော ပြင်သစ်လီဂူးပြိုင်ပွဲကို လာမည့် ဇွန် ၁၇ရက်၌ ပြန်လည်စတင်၍ ဇူလိုင် ၂၅ရက်တွင် အဆုံးသတ်ရန် ပြင်သစ်လီဂူးတာဝန်ရှိသူများက စီစဉ်နေကြောင်းပြင်သစ်အားကစား သတင်းစာ L'Equipe ၏ဖော်ပြ ချက်အရ သိရသည်။
လီဂူး-၁ ကလပ် အသင်းများအနေဖြင့် တန်းတက် တန်းဆင်း Play-offs ပွဲများကစားရန် အချိန်လုံလောက်မှုရှိစေရေးအတွက် သုံးရက်လျှင် တစ်ပွဲနှုန်း ကစားရဖွယ်ရှိနေကြောင်း L'Equipe က ဖော်ပြခဲ့သည်။
ဥရောပဘောလုံး အဖွဲ့ချူပ်(UEFA)သည် COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသော ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲများကို လာမည့် သြဂုတ်လတွင် ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်။
လီဂူး-၁ပြိုင်ပွဲ ကို ဇူလိုင် ၂၅ ရက်တွင် ဆုံးခန်းတိုင်စေမည်ဖြစ်ရာ ပြင်သစ်လီဂူးအသင်းများမှာ ဥရောပပြိုင်ပွဲပါဝင်ကစားရန် အတားအဆီးရှိမည်မဟုတ်ပေ။
ပြင်သစ်နိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဘောလုံးပြိုင်ပွဲများကို မတ် ၁၆ ရက်မှ စတင်၍ ရပ်နားထားရသည်။ ဘောလုံးပွဲများပြန်လည်စတင်နိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်ခဲ့ပြီးနောက် ပြင်သစ်လီဂူးတာဝန်ရှိသူများက ယခုကဲ့သို့ ဇွန်လအတွင်း ပြန်ကစားရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တံခါးပိတ်ကျင်းပရန်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း L'Equipe ကရေးသားခဲ့သည်။
ပီအက်စ်ဂျီနှင့် လိုင်ယွန်တို့၏ ပြင်သစ်အက်ဖ်အေဖလားဗိုလ်လုပွဲကို လာမည့် ဇွန် ၂၇ရက်၌ ကစားမည်ဖြစ်သည်။ ပီအက်စ်ဂျီနှင့် စိန့်အက်တီယန်တို့၏ ပြင်သစ်လိဂ်ဖလားဗိုလ်လုပွဲကိုမူ ဇူလိုင် ၁၁ရက်တွင် ကစားမည်ဖြစ်ကြောင်း သိရသည်။ပြင်သစ်၌ ဧပြီ ၁၄ရက်ထိ COVID-19 ကူးစက်သူ ၁၃၀၀၀၀ ကျော်ရှိနေပြီး ၁၄၀၀၀ကျော်သေဆုံးခဲ့ ပြီးဖြစ်သည်။















