သင်းအုပ်ဆရာပါ လေးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

သင်းအုပ်ဆရာပါ လေးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

သက်ဆိုင်ရာက အသွားအလာကန့်သတ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့ နယ်သို့ သွားလာခဲ့သူ သင်းအုပ်ဆရာ ပါ ၄ ဦးကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဧပြီ ၁၄ရက်တွင် ရဲတပ်ဖွဲ့မှသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ တောင်ဥက္ကလာ၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်နှင့် ရွှေပြည်သာမြို့နယ်များအတွင်း Covid 19 သံသယစောင့်ကြပ်ကြည့်ရှုသူများ ထားရှိကာ သက်ဆိုင်ရာက အသွားအလာကန့်သတ်ထားသည့်နေရာ ၁၀ နေရာသို့ ဦးစောကွယ်ဝါး (သင်းအုပ် ဆရာ)၊ ဦးစောရေဂရန်ဒီ၊ ဦးစောဒေးဗစ်လား(တရားဟောဆရာ) နှင့် ဦးဝေထွန်း တို့က ဧပြီ ၁၂ ရက် နံနက်၂ နာရီအချိန်မှ ဧပြီ ၁၄ ရက် နံနက် ၁ နာရီ ၅၀ အချိန် ခန့်အထိ သွားရောက်ကာ ရောဂါဖြစ်စေနိုင်သည့် လူစုလူဝေးပွဲများ ပြုလုပ်ခဲ့သည်ဆိုကာ သက်ဆိုင်ရာက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ သွားလာခဲ့သည်ဆိုသည့် နေရာများမှာ တောင်ဥက္ကလာပမြို့နယ်ရှိ ခြံအမှတ် (၃၂)နှင့် ခြံအမှတ် (၂၄)၊ အမှတ် (၁၅)ရပ်ကွက်၊ သံသုမာလမ်းနှင့် ဇီဇဝါဥယျာဉ်အိမ်ရာ၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ အမှတ် (မ/၂)နှင့် (မ/၄)၊ အမှတ် (၇) ရပ်ကွက်နှင့် သီရိမင်္ဂလာလမ်း အမှတ် (၄) ရပ်ကွက်၊ အမှတ် (၄/၁၉)၊ ဗဟန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊ ဆရာစံရပ်ကွက်ရှိ ပုလဲကွန်ဒို (ဘီ)၊ အခန်း (၈၂) ခန်း၊ အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် ကျမ်းစာသင်ကျောင်းလမ်း၊ အမှတ် (၉၇၆) ( ဗေသလ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း)၊ အမှတ် (၁၀၂၃)၊ အခန်း (၄-အေ)၊ ရွာမအရှေ့ရပ်ကွက်၊ ခတ္တာလမ်းသွယ်၊ သုမေတ္တာလမ်း အမှတ် (၁၀၀၅) နှင့် တောင်သူကုန်းရပ်ကွက် သာယာအေး( ၂) လမ်း၊ ရွှေပြည်သာမြို့နယ် ရတနာမိုးလမ်း၊ မိချောင်းအိုင်ရွာ၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄၆) နှင့် သမိန်ဗရမ်းလမ်း၊ အမှတ် (၇)ရပ်ကွက်၊ အမှတ် (၃၁၈) စသည့် နေရာများဖြစ်ကြောင်း သိရသည်။

အင်းစိန်မြို့မရဲစခန်းက (ပ)၇၀၆/၂၀၂၀၊ မရမ်းကုန်းမြို့မရဲစခန်းက (ပ)၅၈၃/၂၀၂၀ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ၃၀ (က)အရ အမှုဖွင့် စစ်ဆေးခဲ့သည်။