Covid- 19 စောင့်ကြည့်သူများနှင့်ပတ်သက်၍ မမှန်သတင်း ကြေညာကာ မူးယစ်ရမ်းကားခဲ့သူ လေး ဦးကို အမှုဖွင့်

Covid- 19 စောင့်ကြည့်သူများနှင့်ပတ်သက်၍ မမှန်သတင်း ကြေညာကာ မူးယစ်ရမ်းကားခဲ့သူ လေး ဦးကို အမှုဖွင့်

မြို့နယ် ၃ မြို့နယ်၌ Covid- 19 ရောဂါ စောင့်ကြည့်ခံနေရသူများနှင့်ပတ်သက်၍ မမှန်သတင်းပေးပြောဆိုကာ မူးယစ်ရမ်းကားခဲ့သူ လေးဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ဧပြီ ၁၄ ရက်တွင် ရဲတပ်ဖွဲ့မှသိရသည်။

နေပြည်တော် တပ်ကုန်းမြို့နယ်၌ ပြင်ပဒေသများတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ဧပြီ ၁၂ ရက် ညနေ ၆ နာရီ အချိန်တွင် တပ်ကုန်းမြို့နယ်ရှိ ကျေးရွာသို့ ပြန်လာသူ ရှစ်ဦးကို ခြုံကြီးကျေးရွာ စာသင်ကျောင်း၌ စောင့်ကြပ်ကြည့်ရှုထားခဲ့သည်။
အဆိုပါလူများထဲမှ စောင့်ကြည့် ၁၄ ရက်ပြည့်သူ ဝင်းထွန်းဦးပါ အမျိုးသား နှစ်ဦးအား နေပြည်တော်ရှိ စောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ခဲ့သည်။

အခင်းဖြစ်နေ့ ည ၇ နာရီ အချိန်တွင် တပ်ကုန်းမြို့၊ ဆင်သေကျေးရွာနေ သန်းနိုင်ဦး(၃၈)နှစ်က ခြုံကြီးကျေးရွာတွင် အမျိုးသား နှစ်ဦး ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါပိုး တွေ့ရှိကြောင်းမမှန်သတင်း ဖြန့်ချိခဲ့သည်။

အလားတူ ဧပြီ ၁၃ ရက်နေ့ နံနက် ၈ နာရီ အချိန် ဦးဖုန်းမြင့်နိုင်(၅၀)နှစ်က အသံချဲ့စက်ဖြင့် ကျေးရွာပတ်ဝန်းကျင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပိုးရှိသူ ၂ ဦး တွေ့ရှိကြောင်း၊ မိမိတို့ရွာအတွင်းသို့ အဝင်မခံရန်နှင့် ကျေးရွာအတွင်း ခြံစည်းရိုး ကာရန်မည်ဖြစ်ကြောင်း မမှန်သတင်း လိုက်လံကြေညာခဲ့သည်ဆိုကာ သက်ဆိုင်ရာတာဝန်ရှိသူများက သန်းနိုင်ဦး နှင့် ဦးဖုန်းမြင့်နိုင်တို့၂ ဦးအား တပ်ကုန်းမြို့မရဲစခန်း(ပ)၁၀၄/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၂၇ အရအမှုဖွင့်ကာ ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိသည်။

အလားတူ မြစ်သားမြို့နယ်၊ ခန္တီးကြီးကျေးရွာနေ တင်ထွဋ်ခေါင်(၂၂) နှစ်သည် ဧပြီ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် အရက်သောက်စားမူးယစ်ပြီး စောင့်ကြည်သူများထားရှိသည့် နေရာသို့ ရောက်ရှိလာကာ ကျေးရွာကျန်းမာရေးကော်မတီအဖွဲ့အား ညစ်ညမ်းစွာဆဲဆိုခဲ့သဖြင့် ဧပြီလ ၁၃ ရက် နံနက်၈ နာရီ ၅၅ မိနစ်အချိန်တွင် မြစ်သားမြို့မရဲစခန်း(ပ)၁၀၁/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့် စစ်ဆေးခဲ့သည်။

အလားတူ ဧပြီ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၅၅ အချိန် တွင်တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပန်ကျေးရွာ အ.ထ.က(ခွဲ)၌ စောင့်ကြည့်ထားသူများအနက်မှ နေမျိုးထွန်း(၃၂)နှစ်သည် ရောဂါစောင့်ကြည့်ထိန်းသိမ်းခံနေရသည်ကို မကျေနပ်၍ အရက်သောက်စား မူးယစ်ကာ ဆဲဆိုအော်ဟစ် ခြင်းများ ပြုလုပ်ခဲ့သောကြောင့် မအီနယ်မြေရဲစခန်း(ပ)၁၄/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၆ အရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။