မန္တလေး၊ပုသိမ်ကြီးမြို့နယ်၊ကွေ့ကြီးကုန်းရွာသို့ အုပ်စုလိုက် လာရောက်ကာ မြောင်းရေချိုးခြင်း၊လမ်းဘေးနှင့် လယ်ကွင်းများ၌ သောက်စားခြင်းများရှိနေသောကြောင့် ပတ်ဝန်းကျင်နေရာများ၌ ဝင်/ထွက်သွားလာခြင်းကို ဧပြီ ၁၅ ရက်မှစတင်၍ နံနက် ၉နာရီမှ ည ၉ နာရီထိ ပိတ်ထားမည်ဖြစ်ပြီး ဧပြီ ၁၄ ရက် ယနေ့တွင် ပညာပေးဆောင်ရွက်နေ ကြောင်း ကျေးရွာဥက္ကဌ ဦးသန့်ဇင်က ပြောသည်။
လမ်းဘေးဝဲယာ တစ်လျှောက်တွင်ယခင်က ကြက်ကင်ဆိုင်နှင့် စားသောက်ဆိုင်များစွာဖြင့် စည်ကားခဲ့သည့် အဆိုပါနေရာ၌ COVID-19 ကြောင့် ပိတ်ထားသော်လည်း အုပ်စုလိုက်လာရောက်ကြကာ သောက်စားမှုများနှင့် လယ်ရေပေး မြောင်းများတွင် ရေချိုးခြင်းများပြုလုပ်သောကြောင့် ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်သည်။
“ကားတွေ ဆိုင်ကယ်တွေနဲ့လာကြတာ ဒီရပ်ပိုင်းမှာ အတော်များတယ်။ တချို့က လမ်းဘေးကနေ လယ်ကွင်းထဲ သွားကြတယ်။ ခုလိုပိတ်တာက ရောဂါ ကာကွယ်ရေးအတွက်အဓိကပါ။ရွာထဲက လူလည်း အပြင်မထွက်ရဘူး။ ထွက်သွားရင် ည ၉ နာရီကျော်မှ ဝင်လို့ရမယ်။ ရွာသားဟုတ်မဟုတ် ဝင်ထွက်ပေါက်မှာ စောင့်မယ့် ကွက်စိတ်မှူး တွေက သိမယ်။ ကျွန်တော်တို့ နားက ရေကြည်ရွာကလည်း ပိတ်မယ်”ဟု ၎င်းကပြောသည်။
ကွေ့ကြီးကုန်း၊ ရေကြည်၊ ရှင်နွယ်ကုန်းရွာနှင့် လယ်ကွင်းများအား ဖြတ်သန်း၍ ရေတံခွန်တောင် ဂေါက်ကွင်းသို့ သွားရာလမ်းဖြစ်ပြီး လမ်းတလျောက် ရေမြောင်းဘေးတွင် ကြက်ကင်ဆိုင်များ၊စားသောက်ဆိုင်များစွာရှိကာ COVID-19 ဖြစ်စဉ် မတိုင်မီက အပန်းဖြေ သူ၊လာရောက်စားသောက်သူများနှင့် စည်ကားသည့် နေရာဖြစ် သည်။
“ဒီဘက်မှာ လာတဲ့သူတွေက အုပ်စုလိုက် ရေဆော့ကြလို့ ပိတ်လိုက်တာ။ ရွာခံတွေလည်း မနက် ၉ နာရီ ကနေ ည၉ နာရီထိမထွက်ရတော့ဘူး။ ဝင်ပြီးရင်လည်းလာလည်တဲ့သူတွေလည်း ပြန်မထွက်ရဘူး။ည ၉ နာရီ ကျော်မှ ထွက်လို့ရမှာ”ကွေ့ကြီးကုန်းရွာမှ ကိုစိုးဝင်းကပြောသည်။
မန္တလေးတိုင်း၊အစိုးရအနေဖြင့်လည်း COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအဖြစ် လူစုလူဝေးမရှိရန်၊ အတတ်နိုင်ဆုံး အိမ်ပြင်သို့မထွက်ကြရန်၊ Mask များတပ်ဆင် ကြရန် အသိပေးကြေညာခြင်းနှင့် မြို့ဝင်မြို့ထွက်များတွင် အဖျားတိုင်းခြင်း၊ အမည်၊နေရပ်၊ဖုန်းနံပတ်၊သွားရောက်မည့်နေရာစသည့် အချက်အလက်အပြည့်အစုံစာရင်းပြုစုခြင်းများ လုပ်ဆောင်လျက်ရှိသည်။
















