မန္တလေးမြို့တော် စည်ပင်သာယာ အုပ်ချုပ်မှုအောက်ရှိ ဈေးများ၌ Mask Campaign စတင်

မန္တလေးမြို့တော် စည်ပင်သာယာ အုပ်ချုပ်မှုအောက်ရှိ ဈေးများ၌ Mask Campaign စတင်

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအုပ်ချုပ်မှုအောက်ရှိ ဈေးများတွင် ဧပြီ ၁၂ ရက်နေ့မှစတင်၍ Mask Campaign အဖြစ် Mask များဝေငှခြင်းနှင့် ပညာပေးလုပ်ငန်းများ တစ်ရက်ခြား ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ဧပြီ ၁၄ ရက်နေ့တွင် ဈေး ၄ ခု၌ ပြုလုပ်ခဲ့ကြောင်း အောင်မြေသာစံမြို့နယ်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးကပြောသည်။

ယနေ့နံနက် ၇ နာရီက ဈေး ၄ ခုတွင် ဈေးရောင်းသူ/ဝယ်သူများအား ဈေးတစ်ခုလျင် Mask ၁၀၀၀ စီဝေငှခဲ့ပြီး သီရိမာလာဈေး၊နန်းတော်ရှေ့ဈေး၊ဆရာစံဈေး၊ညောင်ပင်ဈေး၊မန်းသီရိ ဈေး၊ယောမင်းကြီးဈေးများသာမက ကျန်ရှိသည့် ဈေးများတွင်လည်း ရက်ခြား ဆောင်ရွက်မည်ဖြစ်သည်။

“မန္တလေးမှာ Mask တပ်ဆင်တာ နည်းတဲ့အတွက်ရော ကာကွယ်ထိန်းချုပ်တဲ့ အနေနဲ့ ကန်ပိန်းလုပ်တာဖြစ်ပြီး ဒီနေ့မှာ ဈေး ၄ ခုမှာ လုပ်တယ်။ Mask တပ်ထားရင် တစ်စိတ်တစ်ပိုင်းကာကွယ်ပါတယ်။ အရင်က နိုင်ငံခြား ပြန်တွေဆီက ကူးတယ်၊ ခုတော့ Local Transmission ကူးစက်မှုဖြစ်လာတယ်။ Mask တပ်ဆင်ခြင်းဖြင့် အများကြီးလျှော့ချနိုင်လို့ ပညာပေးတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ကမ်ပိန်းကို ဈေးများတွင် သတ်မှတ်ရက်အတိုင်း တစ်ပြိုင်တည်းဆောင်ရွက်နေခြင်းဖြစ်ပြီး အလွန်အရေးကြီး သည့် အချိန်ဖြစ်နေ၍ တစ်မြို့နှင့် တစ်မြို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံကူးစက်မှုများကြောင့်အကောင်းဆုံးမှာ အိမ်တွင်းနေထိုင်ရန်နှင့် မဖြစ်မနေပြင်ပ ထွက်ခွာပါက Mask တပ်ဆင်ရန်လိုသည်ဟု ဆိုသည်။

“အခြေအနေက ကာကွယ်ဆေးမပေါ်သေးဘူး။ ကုသမယ့်ဆေးလည်း မရှိသေးဘူး။ ကူးစက်မှုမြန်တယ်။ အသက်ကြီးသူတွေ အန္တရာယ်ရှိနိုင်လို့ လူစုလူဝေးနဲ့ ပွဲတွေမလုပ်ဖို့အကောင်းဆုံးပါ။မန္တလေးတိုင်း အစိုးရ ကလည်း သွားလာမှုတွေ ကန့်သတ်ထားတယ်။ဒီရာသီက ကျောင်းပိတ်ရာသီ ခရီးသွားများတဲ့ကာလ လည်း ဖြစ်တယ်”ဟု ဆက်လက်ပြောကြားသည်။

ညောင်ပင်ဈေးမှ ဈေးသည်တစ်ဦးက“Mask တစ်ခု ၃၀၀ -၅၀၀ ကျပ်နဲ့ တစ်ခါပဲ သုံးရတာဆိုတော့ နေ့တိုင်း မဝယ်နိုင်ဘူးလေ။ ခုလို လာဝေပေးတော့ အဆင်ပြေပါတယ်။ တပ်မှာပေါ့။ ကျွန်မတို့အတွက် ဝယ်တပ်ဖို့ ခက်တယ်။ ဈေးသည်တွေကြည့်လိုက်ရင် Mask တွေနဲ့ဖြစ်နေပြီ”ဟု ဆိုသည်။

မန္တလေးတိုင်းအစိုးရက ခရီးသည်ယာဉ်လိုင်းများ ခေတ္တပိတ်ထားခြင်း၊ ဟိုတယ်/တည်းခိုခန်း များပိတ်ထားခြင်း၊ မြို့တွင်းဝင်ရောက်လာသူများအား မြို့အဝင်/အထွက်များ၌ မှတ်ပုံတင်၊နေရပ်၊ဖုန်းနံပတ်၊ သွားရောက်မည့် နေရာ တို့ကို မှတ်တမ်းပြုစုခြင်း စသည်ဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအပြင် Facility Quarantine အဖြစ် ဦးရေ ၃၀၀၀၀ ထားရှိရန် ကြိုတင်ပြင်ဆင်ထားကြောင်းသိရသည်။

 

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး