Covid -19 စောင့်ကြည့်မှု ခံယူနေသည့် ပြည်တော်ပြန်လေးဦး ၎င်းတို့ထားရှိရာ အဆောင်၌ မူးယစ်ရမ်းကားနေသဖြင့် ဧပြီ ၁၄ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဧပြီ ၁၃ ရက် ည ၁၀ နာရီခန့်တွင် မော်လမြိုင်တက္ကသိုလ် ပုလဲဆောင်၌ Covid -19 စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသည့် ပြည်တော်ပြန် အမျိုးသားလေးဦးသည် သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များကို မလိုက်နာဘဲ ဆူပူအော်အစ်သောင်းကျန်းနေကြောင်း သိရသဖြင့် မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါအဆောင်တွင် Community Base Facility Quarantine စောင့်ကြည့်မှု ခံယူနေသူများဖြစ်သည့်မိုးညိုမြို့နယ်၊၊ ထိန်တောကျေးရွာမှေ ဇယျာဝင်း(၃၁)နှစ်၊ညောင်လေးပင်မြို့နယ်၊ဘိုင်းနားကျေးရွာသက်ထွန်း(၃၂)နှစ်၊ ကဝမြို့နေ အောင်ကိုလင်း(၂၉)နှစ် နှင့် မကွေးတိုင်း၊အောင်လံမြို့နယ်နေ ဖြိုးအောင်(ခ)ကိုဖြိုးအသက်(၂၄)နှစ် တို့(၄)ဦးမှာ Quarantine ပြုလုပ်ထားသည့်အဆောင်၌ အရက်သေစာသောက်စားမူးယစ်ပြီး ပြတင်းပေါက်မှန်များ ရိုက်ခွဲခြင်း၊ အခြားသူများအား ဆဲဆိုခြင်း၊ အဆောင်အတွင်း အထိတ်တလန့်ဖြစ်အောင်ပြုမူခြင်း၊ လူစုလူဝေးဖြစ်အောင်သွေးထိုးလှုံ့ဆောင်ခြင်း၊ တာဝန်ကျလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား မချေမငံပြောဆိုခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
မုပွန်နယ်မြေရဲစခန်းက (ပ)၄၀၇/၂၀၂၀။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၃၀(က)အရ အမှုဖွင့်အရေးယူထားသည်။

















