မြန်အောင်မြို့နယ်၌ အရက်ဝယ်မလာသဖြင့် ကြက်သားဟင်းဝင်မစားနဲ့ဟု ပြောဆိုစကားများကာ ဓားဖြင့်ထိုးသူကို အမှုဖွင့်အရေးယူထားကြောင်း ဧပြီ ၁၅ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။
ဧပြီ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင် ကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာနေ တိုင်တန်းသူအမျိုးသမီးသည် ၎င်းနေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကျောက်တိုး(ခ) ဝင်းလွင်ဦး(၂၆)နှစ်မှာ ပုသိမ်- မုံရွာကားလမ်းမကြီး နံဘေးရှိ စိုက်ခင်းအတွင်း ဓားဖြင့် ထိုးခံရပြီး ဆယ်အိမ်မှူး၏ နေအိမ်တွင် ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
စုံစမ်းမေးမြန်းချက်အရ အခင်းဖြစ်နေ့က ခင်ပွန်းကျောက်တိုး(ခ) ဝင်းလွင်ဦးသည် တစ်ရွာထဲနေ သူငယ်ချင်းများနှင့်အတူ သရက်ချောင်းကျေးရွာအနီး စိုက်ခင်းအတွင်းရှိ ကျောက်ရေကန် နံဘေးတွင် ကြက်သားဟင်းချက်စားရန် ဝေယံဆိုသူက ပြောထားသဖြင့် သွားရောက်ခဲ့သည်။
အဆိုပါ စိုက်ခင်းအတွင်း ရောက်ရှိခဲ့ပြီးနောက် ၎င်းတို့နှင့်အတူ သီချင်းဖွင့်ပြီးကနေစဉ် ဝေယံက တိုင်တန်းသူ၏ ခင်ပွန်း ကျောက်တိုး(ခ)ဝင်းလွင်ဦးကို "မင်းအရက်ဝယ်မလာရင်ကြက်သားဟင်းဝင်မစားနှင့်" ဟု ပြောဆိုရာ ခင်ပွန်းဖြစ်သူ ဝင်းလွင်ဦးက ဆဲဆိုခဲ့သည်။ ဝေယံက "မဆဲနဲ့" ဟု ပြောရာ ဝင်းလွင်ဦးက "ဆက်လက်ဆဲနေသောကြောင့် ဓားဖြင့် ဝင်းလွင်ဦးကို ထိုးသဖြင့် ဝဲဘက်ဝမ်းဗိုက်တွင်ထိုးသွင်း၊ ဝဲဘက်ရင်အုံထိုးသွင်း ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်ပင်နယ်မြေရဲစခန်း(ပ)၂၂၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။

















