COVID-19 ကူးစက်ခံခဲ့ရသည့် တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနန်ကစားသမား ဖယ်လိုင်နီ သည် ကျန်းမာရေးပြန်လည်ကောင်းမွန် ကာ သက်သာလာသောကြောင့် ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်း ဂိုးလ်ကွန်က ဖော်ပြခဲ့သည်။
မန်ယူ ကစားသမားဟောင်းလည်း ဖြစ်သူ ဖယ်လိုင်နီသည် မတ် ၂၂ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးချက် ထွက်လာပြီးနောက် ဆေးရုံတက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ရသူဖြစ်သည်။
ဖယ်လိုင်နီသည် ဆေးရုံတက်ရောက်နေစဉ် အတောအတွင်း နေ့စဉ်ကျန်းမာရေး အခြေအနေ နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်များအား အသိပေးခဲ့သည်။
COVID-19 ကူးစက်ခံရသော် လည်း ဖယ်လိုင်နီမှာ ကျန်းမာရေး ပြန်ကောင်းလာသောကြောင့် ဆေးရုံမှဆင်းခွင့်ရကြောင်း ရှန်ဒေါင်း လူနန်အသင်းမှ ထုတ်ပြန်ခဲ့သည်။ ဆေးရုံရှိဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများ သူနာပြုများနှင့် ရှန်ဒေါင်းလူနန် အသင်းတို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ခက်ခဲသည့်ကာလတစ်ခုမှာ ကျန်နေခဲ့ပြီဖြစ်ကြောင်း ဖယ်လိုင်နီက ပြောကြားခဲ့သည်။
အသက် ၃၂ နှစ်အရွယ် ဘယ်လ်ဂျီယံကစားသမားဖယ်လိုင်နီသည် မန်ယူအသင်း၌ ၅ နှစ်ခွဲကြာ ကစားခဲ့သူဖြစ်ပြီး ယူရိုပါလိဂ် အက်ဖ် အေဖလား လိဂ်ဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကိုကိုင်မြှောက်နိုင်ခဲ့သည်။ ဖယ်လိုင်နီသည် ၂၀၁၉ဖေဖော်ဝါရီက တရုတ်စူပါ လိဂ်ကလပ် ရှန်ဒေါင်းလူ နန်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
COVID-19 သည် ဧပြီ ၁၅ ရက်ထိ တစ်ကမ္ဘာလုံး၌ ကူးစက်ခံရသူ နှစ်သန်းကျော်လာပြီဖြစ်သည်။ တရုတ်၌ ဧပြီ ၁၅ ရက်ထိ COVID-19 ကူးစက်သူ ၈၀၀၀၀ ကျော်ရှိပြီး ၃၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။















