မန္တလေးမြို့တွင် ကူးစက်မှုနည်းသည်ဟုဆိုကာ အခြားဒေသများမှ ဝင်ရောက်လာသူများကြောင့် မြိုခံများ စိုးရိမ် ပူပန်မှုများရှိနေသဖြင့် မြို့ဝင်ထွက်များ၌ အပူချိန်တိုင်းတာခြင်းသာမက လာရောက်သူများအား အသေးစိတ် မှတ်တမ်းယူနေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဦးကျော်ဆန်းမြင့်က ပြောသည်။
မန္တလေးမြို့သည် ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်သည့် အတွက် ရောဂါကူးစက်ပြန့်ပွားမှုနည်းသည်ဟု ကောက်ချက်ချမှုများကြောင့် အခြားဒေသများမှ ရောက်ရှိလာမည့် အပေါ် စိုးရိမ်ပူပန်နေကြသည်ဟုဆိုသည်။
“တခြားကလာရောက်တဲ့အပေါ် မြို့သူမြို့သားတွေ စိုးရိမ်ပူပန်မှုပြေပျောက်အောင် နာဖျားသူ၊ ရောဂါရှိသူတွေ မြို့ထဲရောက်လာပြီး ကူးစက်ပြန့်ပွားခဲ့ရင် အခက်ခဲမရောက်အောင် မြို့တော်စည်ပင်က တိုင်းအစိုးရစီမံခန့်ခွဲမှုနဲ့ မြိုဝင်ဂိတ်တွေမှာ အဖျားတိုင်းတာအပြင် တစ်စုံတစ်ရာ ပြဿနာ ရှိလာရင်လည်း ချက်ခြင်းဖြေရှင်းနိုင်အောင် ရည်ရွယ်တာပါ”ဟု ၎င်းကပြောသည်။
ခရီးသည်ယာဉ်လိုင်းများကို ယာယီရပ်ဆိုင်းထားသော်လည်း ယာဉ်မောင်းအပါဝင် ၇ ဦးထက်မပိုသော အိမ်စီး ယာဉ်များ၊ ကုန်စည်သယ်ပို့ယာဉ်များကို ဝင်ထွက်ခွင့်ပြုထားသည်။
“မန္တလေးပြည်သူတွေ တောင်းဆိုနေကြတဲ့ ရန်ကုန်က ရောက်လာမယ့်သူတွေကို တားဆီးဖို့နဲ့ Quarantine လုပ်ဖို့ဆိုတာက တိုင်းအစိုးရအဖွဲ့လုပ်ပိုင်ခွင့် ဘောင်ကို ကျော်နေတယ်။ တိုင်းအစိုးရက ခရီးသည် ပို့ဆောင်ရေး ၊ဟိုတယ်/တည်းခိုခန်းတွေ ရပ်ဆိုင်းရေးအပါအဝင် ခရီးသွားလာမှုတားဆီခဲ့တာ ဧပြီ ၆ ရက်ကတည်း ကပါ”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏လူမှုကွန်ရက်တွင် ပြောကြားထားသည်။
အဆိုပါဂိတ်များတွင် အသေးစိတ်မှတ်တမ်းယူခြင်းကြောင့် ယာဉ်တန်းဖြစ်ပေါ်နေပြီး တံခွန်တိုင်မှ စကားအင်း ကြားဖြတ်သန်းမှုတွင် ဧပြီ ၁၁ ရက်တွင် အထွက် ၁၁၉ စီးနှင့် အဝင် ၉၆၅ စီး၊၁၂ ရက်တွင် အထွက် ၈၇၁ စီးနှင့် အဝင် ၇၇၆ စီး၊၁၃ ရက်နေ့တွင် အထွက် ၆၄၉ စီးနှင့် အဝင် ၆၀၀ ရှိခဲ့ရာ ထက်ဝက်နီးပါးလျော့ကျလာသည် ဟု မြို့တော်ဝန်က ဆိုသည်။
















