COVID-19 အကျိုးဆက်အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းများသည် တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသည့် ပရိသတ်များအား လက်မှတ်ဖိုးပြန်အမ်းရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရပြီး ပေါင် ၁၇၇ သန်းကုန်ကျဖွယ်ရှိနေဟု ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။
COVID-19 ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်နိုင်ရန်မှာ ရက်အတိအကျ မသိရသေးဘဲ လိဂ်တာဝန်ရှိသူများမှာလည်း ဖိအားများကြုံတွေ့နေရသည်။
ရွှေ့ဆိုင်းထားရသော ပရီးမီယားလိဂ်ပြိုင်ပွဲကို ယခုနွေရာသီနှောင်းပိုင်း၌ ပြန်လည်ကစားရန်နီးစပ်မှုရှိနေသည့်တိုင် COVID-19 ကြောင့်ပင် ပြန်ကစားဖြစ်ခဲ့ပါက ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပရေးမှာ ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်နေကြောင်း သိရသည်။ တံခါးပိတ်ကစားဖြစ်ခဲ့ပါက ပရိသတ်များမှာ ပွဲကြည့်ခွင့်ရမည်မဟုတ်ဘဲ သက်ဆိုင်ရာ ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ပရိသတ်များကို လက်မှတ်ဖိုး ပြန်အမ်းရဖွယ်ရှိနေခြင်းဖြစ်သည်။
ဒေးလီးမေးလ်၏ အဆိုအရ ပရီးမီးယားလိဂ်ကလပ်များသည် ယခုနှစ်ရာသီ၌ လက်မှတ်ရောင်းချမှုမှ ပေါင် ၇၀၈ သန်းရရှိကြောင်း သိရသည်။
သို့သော် COVID-19 ကြောင့် ပွဲများရပ်နားထားရ၍ လက်မှတ်ရောင်းချမှု လေးပုံ တစ်ပုံ ဆုံးရှုံးရဖွယ်ရှိနေသည်။
ပရီးမီးယားလိဂ်အသင်းများအနက် လက်မှတ်ဝင်ငွေဆုံးရှုံးမှုကြောင့် ထိခိုက်မှုအရှိဆုံးမှာ မန်ယူဖြစ်နေသည်။ မန်ယူ၏ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပရိသတ် ၇၀၀၀၀ကျော် ဝင်ဆံ့ပြီး မန်ယူမှာယမန်နှစ်က ကွင်းဝင်ကြေး ပေါင်သန်း ၁၁၀ ကျော်ရခဲ့သော်လည်း လက်ရှိတွင် ပေါင် ၂၇ ဒသမ ၅ သန်းဆုံးရှုံးရဖွယ်ရှိနေကြောင်း သိရသည်။
လီဗာပူး အာဆင်နယ်နှင့်စပါးတို့မှာလည်း အိမ်ကွင်းပွဲစဉ်များမှ တစ်ရာသီ ပေါင်သန်း ၈၀ ဝင်ငွေရခဲ့သော်လည်း ယခုအခါ ပေါင်သန်း ၂၀ ဆုံးရှုံးရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။















