မြန်မာနိုင်ငံသို့ ဧပြီ ၈ ရက်က ရောက်ရှိလာသည့် တရုတ်နိုင်ငံ ကူမင်းဆေးတက္ကသိုလ်( Kuming Medical University )မှ ယူနန် ဆေးပညာရှင်များသည် မန္တလေးဆေးရုံကြီးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၄ ရက်က ရောက်ရှိလာကာ COVID-19 ကာကွယ်ကုသရေးဆိုင်ရာ အတွေ့အကြုံများဆွေးနွေးဖလှယ်လျက်ရှိကြောင်း မန္တလေး ဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က ဧပြီ ၁၅ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောသည်။
၎င်းဆေးပညာရှင်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်ရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများ တစ်ပါတည်း ယူဆောင် လာခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထောက်ပံ့မှုအဖြစ် ယွမ်ငွေ (၄,၃၃၇,၃၃၄,၂၅) တန်ဖိုး ရှိဆေးဝါးများ၊ ဆေးပစ္စည်းများ၊ဓာတ်ခွဲကိရိယာများ၊စက်ပစ္စည်းများအား မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ သည်။
“ကူမင်းက ဆေးပညာရှင်တွေ ရောက်လာပြီး မနေ့ကတည်းက စလို့ ဒီနေ့လည်း လုပ်နေတာမို့ မအားကြဘူး။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့နဲ့ ကျွန်တော်တို့ ဖလှယ်ကြပါတယ်။ အဲဒီအတွက် ကူမင်းဆေးတက္ကသိုလ်က ရောက်လာတာပါ”ဟု ၎င်းက မြန်မာတိုင်းသို့ အတည်ပြုပြောကြားသည်။
Kuming Medical University မှ Head Deputy Administrator Mr. Yang Lijuan နှင့်အဖွဲ့သည် မန္တလေး ဆေးရုံအရေးပေါ်ဆေးပညာဌာနတွင် COVID-19 သံသယ လူနာများအား သီးခြားထားရှိ စောင့်ကြည့်စစ်ဆေး မှုနှင့် ပြင်ဆင်ထားမှုများကို လေ့လာကြည့်ရှုကာ အကြံပြုခြင်း၊ ၎င်းရောဂါကို ကုသမှုပေးမည့် ကျန်းမာရေး ဝန်ထမ်းများ အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ဓါတ်ခွဲစစ်ဆေးမှုများနှင့်ဆေးပညာရပ်ဆိုင်ရာ ၎င်းတို့ အတွေ့အကြုံများဆွေးနွေးခဲ့သည်။
အဆိုပါ ဆေးပညာရှင်မျာသည် ဧပြီ ၈ ရက်နေ့က မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ Yunnan Administration of Traditional Chinese Medicine မှစီမံအုပ်ချုပ်သူ၊The First Affiliated Hospital မှ ရင်ခေါင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်၊ ကူးစက်ရောဂါ အထူးကုဆရာဝန်၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထူးကုဆရာဝန်၊ကျန်းမာရေးစီမံခန့်ခွဲမှုအရာရှိ၊အကြီးတန်းသူနာပြု၊ Yunnan Center for Disease Control and Prevention မှ ကပ်ရောဂါဗေဒ ပညာရှင်များ၊ဓာတ်ခွဲပညာရှင်များနှင့် Yunnan Provincial Hospital of Traditional Chinese Medicine မှ တရုတ်တိုင်းရင်းဆေးပညာရှင်၊ပေါင်း(၁၂) ဦးဖြစ် ပြီး(၁၅)ရက်တာနေထိုင်၍ ကာကွယ်ကုသရေးလုပ်ငန်းများဆွေးနွေးအကြံပြုမည်ဟုဆိုသည်။
















