လူစုခွဲပေးရန်ပြောဆိုခဲ့သည့် ရပ်ကျေးဥက္ကဌနှင့်အဖွဲ့ကို  ရန်မူခဲ့သည်ဆိုသူများကို အမှုဖွင့်

လူစုခွဲပေးရန်ပြောဆိုခဲ့သည့် ရပ်ကျေးဥက္ကဌနှင့်အဖွဲ့ကို  ရန်မူခဲ့သည်ဆိုသူများကို အမှုဖွင့်

ကျောက်ဆည်မြို့နယ်၌ လူစုခွဲပေးရန်ပြောဆိုခဲ့သည့် ရပ်ကျေးဥက္ကဌနှင့်အဖွဲ့ကို  ရန်မူခဲ့သည်ဆိုသူများအား အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ ဧပြီ ၁၅ရက်နေ့က သိရသည်။

ဧပြီ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တိုး(၅၂)နှစ်ပါ ၇ ဦးတို့သည် ၎င်းကျေးရွာအုပ်စုအောက်ရှိ အရှေ့မြင်စိုင်း ကျေးရွာ၌ လူစုလူဝေးဖြင့် အရက်ဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ် ဆေးခဲ့သည်။

အဆိုပါကျေးရွာနေ မောင်နိုင်(၅၅)နှစ်၏နေအိမ်ခြံဝင်းအတွင်း၌ မောင်နိုင်အား စိုးမင်းဦး(၂၅)နှစ်ပါ ၉ ဦးတို့နှင့်အတူ ဝိုင်းဖွဲ့၍ အရက်သောက်နေသည်ကို တွေ့ရှိပြီး ဦးမောင်တိုးနှင့်အဖွဲ့က လူစုခွဲ နေထိုင်ရန် ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုသည်ကိုမကျေနပ်သဖြင့် စိုးမင်းဦးက အရက်ပုလင်းဖြင့် ပစ်ပေါက်ခဲ့၍ ရာအိမ်မှူး ဦးဝင်းဗိုလ် စီးနင်းလာသည့် ဆိုင်ကယ်ကိုထိမှန်၍ နောက်မီးခွက်ကွဲသွားခဲ့သည်။

၎င်းနောက် ဦးမောင်တိုးက ဖုန်းဖြင့် မှတ်တမ်းတင်ရိုက်ကူးစဉ် ၎င်းတို့အဖွဲ့က ဗီဒီယိုဖိုင်ကိုဖျက်ပေးရန်နှင့် မဖျက်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဝိုင်းဝန်းထိုးကြိတ်သဖြင့် ဦးမောင်တိုးပါ ၂ ဦးတွင် ဝဲပါးဖူးရောင် ဒဏ်ရာရရှိခဲ့သည်။

ရဲတပ်ဖွဲ့က မောင်နိုင်ပါ ၁၀ ဦးအနက် ၇ ဦးကို ဖမ်းမိခဲ့ပြီး တိမ်းရှောင်နေသူ ၃ ဦးကို စစ်ဆေးနိုင်ရန်စုံစမ်းလျက်ရှိသည်။ ကျောက်ဆည်မြို့မရဲစခန်း၊ (ပ)၂၅၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/ ၃၂၃/ ၄၂၇/ ၅၀၆/ ၁၁၄ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။