ချမ်းအေးသာစံမြို့နယ်၌ စကားများရန်ဖြစ်စဉ် ရဲဒင်းများ၊ တုတ်များဖြင့် ဝိုင်းဝန်း ထိုးခုတ် ရိုက်နှက်ခဲ့သူ ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ဧပြီ ၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဧပြီ ၁၃ ရက်နေ့ ည ၉ နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံ ရပ်ကွက်နေ မင်းဇော်သည် တစ်ရပ်ကွက်တည်းနေ ညီဝမ်းကွဲဖြစ်သူ အောင်ချမ်းငြိမ်း(၂၀)နှစ် နှင့်အတူ နေအိမ်ရှေ့အုတ်ခုံ၌ ဆိုင်ကယ်ရပ်၍ ထိုင်စကားပြောခဲ့သည်။
ထိုစဉ် မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ် ရပ်ကွက်နေ အောင်သူရိန်ဝင်း(ခ)ပုံပုံကျော်(၁၈)နှစ်ပါ ကျား ၇ ဦးတို့မှာ မျက်နှာချင်း ဆိုင်ရှိ အုတ်ခုံသို့ လာရောက်ထိုင်ရာမှ မင်းဇော်နှင့် စကားများရန်ဖြစ်စဉ် အောင်သူရိန်ဝင်း(ခ)ပုံပုံကျော်ပါ ၇ ဦးတို့က မင်းဇော်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်။
ထို့နောက်အသင့်ပါလာသည့် ဓါး၊ ရဲဒင်း၊ အုတ်ခဲများဖြင့် ဝိုင်းဝန်းပစ်ပေါက်ခဲ့သဖြင့် မင်းဇော်ပါ ၂ ဦးတို့မှာ အနီးရှိလမ်းကြားသို့ ဝင်ရောက်ထွက်ပြေးခဲ့ရသည်။ ထိုသို့ထွက်ပြေးစဉ်ကျန်ခဲ့သည့်မင်းဇော်၏ ဆိုင်ကယ်ကို အောင်သူရိန်ဝင်း(ခ)ပုံပုံကျော်ပါ ၇ ဦးတို့က ရဲဒင်းဖြင့်ခုတ်၊ အုတ်ခဲဖြင့်ထု၍ ရှေ့မီးခွက်နှင့် ဒိုင်ခွက်တို့ ကြေမွပျက်စီးသွားခဲ့သည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ဧပြီ ၁၄ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် အောင်သူရိန်ဝင်း (ခ)ပုံပုံကျော်ပါ ကျား ၇ ဦး အနက် ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး တိမ်းရှောင်နေသူ ၂ ဦးကို ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိသည်။
ချမ်းအေးသာစံမြို့နယ်၊ အမှတ်-၃ နယ်မြေရဲစခန်း၊ (ပ)၁၅၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀ အရ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















