မူဆယ်မြို့သို့ ရောက်ရှိလာသူများ Quarantine ၂၁ ရက်နေထိုင်ရမည်ဟုဆို

မူဆယ်မြို့သို့ ရောက်ရှိလာသူများ Quarantine ၂၁ ရက်နေထိုင်ရမည်ဟုဆို

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး အဓိကမြို့ဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ရောက်ရှိလာသူများသည် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဧပြီ ၁၇ ရက်နေ့မှ စတင်၍ Quarantine Center များ၌ ၂၁ ရက်ကြာနေထိုင်ရမည် ဖြစ်ကြောင်း မြိုနယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးမှ သိရသည်။

မူဆယ်မြို့နယ် ထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဧပြီ ၁၅ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလကုန်အတွင်း ရောက်ရှိလာသူများနှင့် ခရီးတစ်ခုမှ ပြန်လာသူများလည်း အကျုံးဝင်သည် ဟုဆိုသည်။

“COVID-19 Quarantine နေထိုင်စရိတ်အဖြစ် တစ်ဦးကို ၂၁ ရက်အတွက် ငွေကျပ် တစ်သိန်းခွဲပေးသွင်းရပါမယ်။ Hotel Quarantine အဖြစ် နေမယ်ဆိုရင်လည်း ခွင့်ပြုမယ်။ အဲဒီကုန်ကျစရိတ်ကို ကိုယ်တိုင် အကုန်အကျခံရပါမယ်”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

Quarantine Center များအဖြစ် မူဆယ်မြို့အဝင်(၁၀၅)မိုင်ရှိ အောင်သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းနှင့် သာသနာပြု ဘုန်းတော်ကြီးကျောင်းတို့တွင် ဖွင့်ထားမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုအခြေအနေအရ ကန့်သတ်ရက်ကိုလည်း ထပ်တိုးခြင်းများရှိနိုင်ကြောင်းသိရသည်။

“ဌာနဆိုင်ရာနဲ့အတူ လူမှုကူညီရေးအသင်းတွေ ဝိုင်းဝန်းပြီး တိုးဂိတ်တွေ၊ ဝင်ပေါက်ထွက် ပေါက်တွေနဲ့ မြိုထဲ မှာ လည်း အဖျားတိုင်းတာ Mask ဝေတာ၊ ပိုးသတ်ဆေးဖျန်းတာတွေ လုပ်နေတာ ကြာပါပြီ။မူဆယ်မှာ ပိုးတွေ့သူ မရှိသလို အားလုံး ကျန်းမာရေးကောင်းမွန်ကြတယ်”ဟု ကရုဏာ လူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။

အဖွဲစုံပူးပေါင်း၍ မူဆယ်(၁၀၅)မိုင်ရှိ တိုးဂိတ်၌ မူဆယ်သို့ဝင်ရောက်လာသူ ခရီးသွားများ၏ ကျန်းမာရေး အခြေအနေကို နံနက် ၆ နာရီမှ ည ၆ နာရီထိ စစ်ဆေးနေပြီး ဧပြီ ၁၄ ရက်နေ့က မူဆယ်သို့ ဝင်ရောက် လာသူ ၂၀၆၆ ဦးရှိကြောင်း ပါရမီလူမှုကူညီရေးအသင်း(၁၀၅)မိုင်မှ သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး