COVID -19 Positive လူနာသုံးဦးနှင့် ထိတွေ့ထားသူတစ်ဦး ရပ်ကွက်မှ ထွက်ပြေးရန် ကြိုးစားမှု ဒလမြို့နယ်၌ဖြစ်ပွားခဲ့ကြောင်း ဒလမြို့နယ်၊အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသိန်းက ဧပြီ ၁၆ ရက်၌ မြန်မာတိုင်းမ်သို့ ပြောဆိုသည်။
“သူက ထွက်ပြေးဖို့ ကြိုးစားတယ်။ အခုရပ်ကွက်က ပြန်ဖမ်းပေးပြီး ပြန်ထားထားတယ်။ ဒလထွေအုပ်ကရော ဒလဆေးရုံအုပ်ဆရာဝန်ကြီးကရော ဒီကောင်လေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဆင်ဆင့်ကို အကြောင်း ကြားထားပါတယ်” ဟု အောင်မင်္ဂလာအုပ်ချုပ်ရေးမှူးဦးလှသိန်းက ပြောသည်။
အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လူမှုရေးအဖွဲ့များက ဆက်စပ်လူနာများကို နေအိမ်အပြင်သို့မထွက်ခိုင်းဘဲ စောင့်ကြည့်နေကြောင်း ၎င်းတို့၏ လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဒလမြို့နယ် COVID -19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် မြို့နယ်အထောက်အကူပြုကော်မတီနာယက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ပြောသည်။
“သူတို့ အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးနေပါတယ်။ သူတို့ကို ကျန်းမာရေး စောင့်ကြည့်နေ ပါတယ်။ သူတို့ အလှည့်ရောက်ရင်လည်း စစ်မှာပါ။ စစ်တဲ့ နေရာမှာလည်း တန်းစီဇယားတွေက များနေတော့ သူတို့ အလှည့်မရောက်သေးဘူး။ အရေးကြီးတဲ့ အဆင့်သတ်မှတ်ချက်တွေရှိတယ်။ ဒီလူတွေက အရေးကြီးတဲ့ အဆင့်မှာမရှိသေးဘူး။ အိမ်ထဲမှာ ထားရင်းနဲ့ အရေးကြီးတဲ့ အဆင့်ဆိုရင်တော့ ချက်ချင်းကြီးလာစစ်မှာပါ” ဟု ဒေါက်တာစိန်မြအေး ပြောဆိုသည်။
ရွှေပြည်သာမြို့နယ်အတွင်း ဧပြီ ၁၄ ရက်နေ့တွင် COVID -19 ရောဂါ ပိုးတွေ့ရှိကြောင်း အတည်ပြုကြေညာခဲ့သည့် Case-57 ၊ Case-60 ၊ Case-41 တို့သည် ကျောက်တံတားမြို့နယ်၊မြို့တော် ခန်းမအနီး မိုးချယ်ရီ ကင်မရာဆိုင်၌ ကင်မရာများ ဝယ်ယူခဲ့ကြောင်း၊ ယင်းနှင့်ဆက်စပ်၍ ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် ကင်မရာဆိုင်ပိုင်ရှင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သည့် အရောင်း ဝန် ထမ်းတစ်ဦးနှင့် ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ (ထွက်ပြေးရန် ကြိုးစားခဲ့သူ) အပါအဝင် သုံးဦးတို့အား Hone Quarantine အဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်းသိရသည်။

















