အမရပူရမြို့နယ်၌ ဓါးပြတိုက်နေသည်ဟု လူမှုကွန်ရက်တွင် မမှန်မကန် သတင်းရေးသားဖြန့်ဝေသူကို ဖမ်းဆီးအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းဧပြီ ၁၆ ရက်တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဧပြီ ၁၄ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး “အမရပူရမြို့သူမြို့သားတို့ ဆုံဆည်းရာ” လူမှုကွန်ရက်စာမျက်နှာတွင် PaingPhyoအကောင့်ဖြင့် “အမရပူရမြို့နယ်၊ ငယ်တိုးတိုက်နယ်မှာ ဓါးပြတိုက်နေပါတယ်၊ အကူအညီလိုအပ်ပါတယ်၊ မိုက်နဲ့အော်နေပါတယ်၊ ရဲကော စစ်တပ်ကော စုံနေပါပြီ၊ မယုံရင်လာခဲ့ကြပါ။ ကျွန်တော်စောင့်နေပါတယ်၊ အမရပူရမြို့နယ်၊ ငယ်တိုးတိုက်နယ်၊ ဈေးကုန်းကို”ဟု ပို့စ်တင်ထားသည်ကို အမရပူရမြို့မရဲစခန်းမှ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက သတင်းရရှိသဖြင့် လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် အခင်းဖြစ်နေရာသို့ သွားရောက်အတည်ပြုစုံစမ်းခဲ့သည်။
ငယ်တိုးတိုက်နယ်အတွင်းရှိ ရပ်ကွက်လမ်းထိပ်များတွင် ဖော်ပြပါ သတင်းနှင့်ပတ်သက်၍ တုတ်များကိုင်ဆောင်ထားသည့် ရပ်ကွက်နေ ပြည်သူများအား တွေ့ရှိရပြီး အဆိုပါရပ်ကွက်တွင် ခိုးမှု၊လုယက်မှု၊ ဓါးပြတိုက်မှုများ ဖြစ်ပွားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် “PaingPhyo" ဖေ့စ်ဘွတ် အကောင့်အား ဆက်လက်စုံစမ်းခဲ့သည်။
အကောင့်ပိုင်ရှင်မှာ ဖြိုးသက်ပိုင်၊ ငယ်တိုးကျေးရွာ၊ အမရပူရမြို့နယ် နေသူဖြစ်ကြောင်း သိရှိရသဖြင့် ဖြိုးသက်ပိုင်ကို ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး အရေးယူပေးရန် ဧပြီ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။
အမရပူရမြို့မရဲစခန်း(ပ)၁၆၀/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က)အရ အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။

















