COVID- 19 ကူးစက်ခံရကြောင်း အတည်ပြုလူနာ အမှတ် ၇၉ နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့ခြင်းကြောင့် ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ Pan Pacific ဟိုတယ်ကို ဧပြီ ၁၆ ရက် ယနေ့ညနေပိုင်းက စတင်၍ Lockdown ချထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
“ ဟိုတယ်နဲ့ပတ်သက်တဲ့ Case 79 ကြောင့် Lockdown ချလိုက်တာပါ ။ ဟိုတယ်က ဝန်ထမ်းလား ။ ခရီးသွားဧည့်သည်လားတော့ အတိအကျကျွန်တော်တို့ မသိပါဘူး” ဟု အဆိုပါ အရာရှိကပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ နံနက် ၁၀ နာရီ သတင်းထုတ်ပြန်ချက်အရ COVID- 19 ရောဂါပိုး ကူးစက်ခံရသူ လူနာနံပါတ် ၇၉ သည် ဗဟန်းမြို့နယ်တွင် နေထိုင်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ၎င်းသည် COVID- 19 ရောဂါ အတည်ပြု လူနာများနှင့် ထိတွေ့မှုမရှိခဲ့ဖူးသလို ပြည်ပခရီးသွားလာခဲ့ခြင်းလည်း မရှိသူဖြစ်သည်။
“ Case -79 က Pan Pacific ဟိုတယ်က ကော်ဖီဆိုင် ဝန်ထမ်းပါ။ ဒါကြောင့် ဟိုတယ်ကို ဒီညနေ ၅နာရီကစပြီး lockdown ချလိုက်ပါတယ် အတွင်းမှာ ဧည့်သည် ၃၇ ယောက်လောက်ရှိတယ်။ သူတို့အတွက် ဟိုတယ်က တာဝန်ယူကျွေးမွေးထားရမှာပေါ့ ။ တချို့ဟာတွေကိုတော့ တိုင်းကျန်းမာရေးဘက်က တာဝန်ယူမှာပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောသည်။
လက်ရှိ၌ အဆိုပါ ဟိုတယ်ကို အဝင်အထွက်အားလုံးကို ပိတ်ထားလိုက်ပြီ ဖြစ်ကာ နောက်ဆက်တွဲ ဆောင်ရွက်ရန် လိုအပ်သော ကိစ္စများကို ကျန်မာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် အတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပ ကပြောသည်။
ဧပြီ ၁၆ ရက် ယနေ့ညပိုင်း ထုတ်ပြန်ခဲ့သည့် Pan Pacific Yangon ၏ ထုတ်ပြန်ချက်အရ ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာန၏ လမ်းညွှန် အကြံပြုချက်အရ ဟိုတယ်ကို ဧပြီ လ ၁၆ ရက်က စတင်ပြီ ၂၁ ရက်ကြာယာယီ ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သော ကျန်းမာရေး လိုက်နာ ဆောင်ရွက်မှုများအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်နှင့် ကမ္ဘာ့ ကျန်းမားရေးအဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည် ။
မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ခေါ်ယူတွေ့ဆုံမှုအရ COVID- 19 ကူးစက်ခံရမှု အတည်ပြု လူနာသည် ဟိုတယ်နှင့် ဆက်စပ်သူဖြစ်ကြောင်း သိရပြီး ဟိုတယ်အနေဖြင့် ၎င်းနှင့် ၎င်း၏မိသားစု အတွက် လိုအပ်သော ပံ့ပိုးမှုများကို ပြုလုပ်ပေးသွားရန်ရှိကြောင်း ဟိုတယ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

















