အင်္ဂလန်နှင့် လိဒ်ယူနိုက်တက် ဂန္ထဝင်ကစားသမား နော်မန်ဟန်တာ COVID-19 ကြောင့်  ကွယ်လွန်

အင်္ဂလန်နှင့် လိဒ်ယူနိုက်တက် ဂန္ထဝင်ကစားသမား နော်မန်ဟန်တာ COVID-19 ကြောင့်  ကွယ်လွန်

COVID-19 ကူးစက်ခံခဲ့ရသော အင်္ဂလန်နှင့် လိဒ်ယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်း နော်မန်ဟန်တာသည် ဧပြီ ၁၇ ရက်က ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။

ဗဟိုနာက်ခံကစားသမားဟောင်းဖြစ်သူ နော်မန်ဟန်တာသည် အသက် ၇၆ နှစ်အရွယ်ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် ဧပြီ ၁၀ ရက်က ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရသူဖြစ်သည်။ 
ဟန်တာသည် လိဒ်ယူနိုက်တက်အသင်း၏ ရွှေရောင်ကာလများ၌ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
ဟန်တာသည် လိဒ်ယူနိုက်တက်တွင် ၁၄ နှစ်ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး လိဒ်ဖလားနှစ်ကြိမ်ပိုင်ဆိုင် ခဲ့သည်။
ဟန်တာသည် ၁၉၆၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သော အင်္ဂလန်အသင်း၏ အသင်းဝင်တစ်ဦးလည်းဖြစ်သည်။ "ဟန်တာ ထားခဲ့တဲ့ အမွေအနှစ်တွေကဘယ်တော့မှမေ့ဖျောက်နိုင်မှာ မဟုတ်ပါဘူး။ အလွန်ခက်ခဲတဲ့ အခြေအနေတစ်ရပ်မှာ ကျွန်တော်တို့ စိတ်အစဉ်က သူ့မိသားစု သူငယ်ချင်းမိတ်ဆွေတွေနဲ့ တစ်သားတည်းပါ"ဟု လိဒ်ယူနိုက်တက်က ထုတ်ပြန်ခဲ့သည်။
ဟန်တာသည် အသက် ၁၅ နှစ် အရွယ်က လိဒ်ယူနိုက်တက်သို့ ရောက်လာသူဖြစ်ပြီး ၇၂၅ပွဲကစားခဲ့သူဖြစ်သည်။
ဟန်တာသည် ကစားသမားဘဝမှ အနားယူပြီးနောက် ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း ဘန်စလေ ရိုသာဟမ်နှင့် ဘရက်ဖို့ဒ်တို့ကို နည်းပြခဲ့သည်။ ဟန်တာသည် အသက်အရွယ် ကြီးမြင့်နေရာ COVID-19ကို တွန်းလှန် နိုင်စွမ်းအား မရှိခဲ့ပေ။ ဗြိတိန်၌ ဧပြီ ၁၇ ရက်အထိCOVID-19 ကူးစက်သူ တစ်သိန်းကျော်ရှိပြီး ၁၃၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။



ဖတ်ရှုမှုအများဆုံး