သီတဂူဆရာတော်ကြီးက COVID-19နှင့်ပတ်သက်၍ ဆန်အိတ်နှစ်သောင်းကျော်နှင့် ဆီပိဿာတစ်သောင်းကျော် လှူဒါန်း

သီတဂူဆရာတော်ကြီးက COVID-19နှင့်ပတ်သက်၍ ဆန်အိတ်နှစ်သောင်းကျော်နှင့် ဆီပိဿာတစ်သောင်းကျော် လှူဒါန်း

စစ်ကိုင်းတောင်ရိုး၊သီတဂူဆရာတော်ဘုရားကြီးဦးဆောင်သည့် သီတဂူသာသနာပြုအဖွဲ့က မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် စစ်ကိုင်းမင်းကွန်းမင်းဝံတောင်ရိုးရှိ သံဃာတော်၊ သီလရှင်များနှင့်လူမျိုးဘာသာမရွေး ဘိုးဘွားရိပ်သာများ၊ပရဟိတလုပ်ငန်းများသို့ ဆန်အိတ်ပေါင်း ၂၂၈၅၀၊ ဆီပိဿာ ၁၆၂၅၀၊ PPE ဝတ်စုံ၁၁၀၀ နှင့်အီတလီနိုင်ငံသို့ အမေရိကန်ဒေါ်လာတစ်သောင်း ထောက်ပံ့လှူဒါန်းခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ဆွမ်းအခက်အခဲမရှိစေရန်နှင့် အသင်းအဖွဲ့များကူညီမှုများလုပ်ဆောင်နိုင်
ရန် နှစ်ဆန်း တစ်ရက်မှ ၃ ရက်နေ့ထိ လှူဒါန်းရန် စီစဉ်ခဲ့သော်လည်း လူ ၅ ဦးထက်စုဝေးခြင်းမပြုရသောကြောင့် အခမ်းအနားမလုပ်ဘဲ ဧပြီ ၁၄ ရက်မှစ၍ ကျောင်းအသီးသီးသို့ လိုက်လံလှူဒါန်းနေဆဲဖြစ်သည်။

“တစ်ကျောင်းဝင်တစ်ကျောင်းထွက်လှူကြတယ်။နှစ်ဆန်းတစ်ရက်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရောက်လာလို့ အကျဉ်းရုံးလုပ်ခဲ့တယ်။ဒုက္ခရောက်နေသူတွေကို ဆရာတော်ကြီးက ကိုယ်ချင်းစာတရားနဲ့ လိုအပ်တာပံ့ပိုးတယ်။ PPE ဝတ်စုံတစ်ထောင်လှူခဲ့ပြီး တစ်ခု၂၅ ဒေါ်လာကျ တယ်။လှူဒါန်းမှုစုစုပေါင်းငွေတန်ဖိုး တွက်မထားဘူး။”ဟု စစ်ကိုင်းတောင်ရိုး၊သီတဂူစတားဆရာတော် ဒေါက်တာ ကောဝိဒသိရီက မိန့်ကြားသည်။

စစ်ကိုင်း၊မင်းကွန်း၊မင်းဝံတောင်တန်းတွင် သံဃာပေါင်း ၈၁၀၀ နှင့် သီလရှင်ပေါင်း ၆၃၀၀ အတွက် တစ်ပါးလျှင် ဆန်တစ်တင်း၊ဆီတစ်ပိသာ၊ စစ်ကိုင်းဘိုးဘွားရိပ်သာသို့ ဆန်တင်းပေါင်း ၂၁၀၀နှင့် ဆီပိဿာ ၂၁၀၀၊စစ်ကိုင်းတိုင်းအတွက် PPE ဝတ်စုံလက်အိတ်၊မှန်ကာ အစုံ ၁၀၀၀ ၊ဦးကျော်သူ၏ ရန်ကုန်ဆေးခန်းအတွက် PPE ဝတ်စုံ ၁၀၀ ကိုလည်းကောင်း၊ မွတ်ဆလင်သက်ကြီးဂေဟာ ၊ဟိန္ဒူဘိုးဘွား ရိပ်သာ၊နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းနှင့် ပရဟိတလုပ်ကိုင်နေ သည့် အသင်းအဖွဲ့များသို့ ဆန်အိတ်များ လှူဒါန်းခဲ့သည်။

“မန္တလေးက ရွှေနှလုံးတော်ကက်သလစ်ကျောင်းကို ဆရာတော်ကြီးကိုယ်တိုင်သွားပြီး ဆန်တင်း ၁၀၀နှင့် ဆီပိဿာ ၁၀၀ လှူခဲ့တယ်။အဲဒီမှ သိရလို့ အီတလီနိုင်ငံမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေသူတွေအတွက် ရန်ပုံငွေ ကန်ဒေါ်လာတစ်သောင်းလှူခဲ့တယ်။ကိုဗစ် ၁၉ ကာကွယ်တားဆီးရေးနဲ့ ကူညီစောင့်ရှောက်ရေးအဖွဲ့က ပစ္စည်းအလှူခံလို့ ဆရာတော်ကြီးက ကျသင့်ငွေ ၉၅ သိန်း လှူခဲ့ပါတယ်”ဟု ဆက်လက်မိန့်ကြားသည်။

ထို့ပြင် ချင်းပြည်နယ်စစ်ရှောင်စခန်းသို့ ဆန်အိတ်၁၀၀၀ ၊ရခိုင်ပြည်စစ်ဘေးရှောင်ဒေသသို့ ဆန်အိတ် ၁၀၀၀ ၊ကရင်ပြည်နယ်မြိုင်ကြီးငူသို့ဆန်အိတ် ၁၀၀၀လှူ ဒါန်းခဲ့ပြီး အထက်မြန်မာပြည်အတွက်ဆန်တင်းပေါင်း ၁၆၂၅၀ ၊ဆီပိဿာပေါင်း ၁၆၂၅၀ ဖြစ်၍ အောက်မြန်မာ ပြည်အတွက်ဆန်အိတ်ပေါင်း ၆၅၀၀ ဖြစ်ကာ စုစုပေါင်း၂၂၈၅၀အိတ်၊ ဆီပိဿာ ၁၆၂၅၀၊PPE ဝတ်စုံ ၁၁၀၀ ထောက်ပံ့လှူဒါန်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး