မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၀ ဖြင့် ဧပြီ ၁၇ ရက်မှစတင်၍ မလိုအပ်ဘဲ ည ၉ နာရီမှ နံနက် ၄ နာရီထိ ပြင်ပသို့ လုံးဝမထွက်ရဟု ထုတ်ပြန်ခဲ့ရာ ည ၉ နာရီအစား ၁၀ နာရီသို့ အမိန့်ကြော်ငြာ စာအမှတ် ၄/၂၀၂၀ ဖြင့် ပြင်ဆင်သတ်မှတ်၍ ယနေ့ ဧပြီ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ပြည်သူများအနေဖြင့် သွားလာရေးအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှူအဆင်ပြေချောမွေ့စေရန်အတွက် နေ့စဉ် ည ၉ နာရီမှ နံနက် ၄ နာရီအစား ည ၁၀ နာရီမှ နံနက် ၄ နာရီ ထိပြင်ဆင်သတ်မှတ်ခြင်းဖြစ်ပြီး ယင်းအချိန်အတွင်း ပြင်ပသို့ လုံးဝထွက်ခွာခြင်းမပြုရဟု ဆိုသည်။
COVID-19 ရောဂါကူးစက်ပြန့်ပွားမှူမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူပြုစေရန် တိုင်းအစိုးရအဖွဲ့မှ အများပြည်သူအတွက် ထုတ်ပြန်ရခြင်းဖြစ်၍ တိကျစွာလိုက်နာပေးကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်မြို့နယ်တွင်လည်း ဧပြီ၁၈ရက်မှ မေလ၁၇ရက်အထိည၁၀နာရီမှ နံနက်၄နာရီအတွင်းနေအိမ်ပြင်ပမထွက်ရအမိန့်ကို ယနေ့ဧပြီ၁၈ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
















