ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ညွှန်ကြားချက် မလိုက်နာသူ ဆရာဝန်ပါ ၃ ဦးကို အမှုဖွင့်

ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ညွှန်ကြားချက် မလိုက်နာသူ ဆရာဝန်ပါ ၃ ဦးကို အမှုဖွင့်

မြို့နယ် ၃ခုအတွင်း  ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါနှင့်ပတ်သက်၍ ညွှန်ကြားချက်အပေါ် လိုက်နာကျင့်သုံး ရန်ပျက်ကွက်သူ ဆရာဝန်ပါ ၃ ဦးကို
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း ယနေ့ဧပြီ ၁၈ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆိုင်ထိုင်ရောင်းချခြင်းမပြုရန် ညွှန်ကြားချက်အပေါ် လိုက်နာခြင်း ရှိ/မရှိကို သိရှိနိုင်ရန် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ အောင်သိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ဧပြီလ ၁၇ ရက် နံနက်၆နာရီတွင်
ဇီးကုန်းမြို့ပေါ်ရပ်ကွက်များရှိ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို
လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ  အောင်သိဒ္ဓိရပ်ကွက်နေ ဦးကျော်စွာဝင်း (၄၂)နှစ်သည် ၎င်းပိုင်ဆိုင်သော "ငွေလမင်း" လက်ဘက်ရည်ဆိုင်၌ ဆိုင်ထိုင်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဇီးကုန်းနယ်မြေရဲစခန်းက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရအမှုဖွင့် အရေးယူခဲ့သည်။

ထို့ပြင် ဧပြီ ၁၇ ရက် နံနက် ၇ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ (စ)ဈေး၌ ဈေးတာဝန်ခံနှင့် စ-ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဈေးရောင်းသူ/ဝယ်သူများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မဖြစ်ပေါ်စေရေး Mask တပ်ရန် လိုက်လံပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုနေစဉ် တင့်လွင်(ခ)ကျော်တင့်(၄၈)နှစ်က လိုက်နာခြင်းမရှိဘဲ အရိုးအသွား ၁ ပေခန့် စတီးဓားဖြင့် လိုက်လံရန်ပြုခဲ့သဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

စက်မှူနယ်မြေရဲစခန်းက(ပ)၁၂၈/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ အရအမှုဖွင့် အရေးယူထားသည်။

အလားတူဧပြီ ၁၇ ရက် ညနေ ၃ နာရီ မိနစ်၂၀တွင် စဉ့်ကိုင်မြို့နယ်၊မုန့်ပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည်  မူဆယ်မြို့မှ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသူ ဟိန်းမင်းထွန်းကို ကျန်းမာရေး စောင့်ကြည့်ရန် အ.မ.က(မုန့်ပေါင်း)သို့ ခေါ်ဆောင်ခဲ့သည်။
ထိုသို့ခေါ်ယူလာစဉ် တစ်ရွာတည်းနေ သွားဆရာဝန် ဒေါက်တာ သက်အောင်သန်း(၃၄)နှစ် ရောက်ရှိလာပြီး အဆိုပါကျောင်းတွင် စောင့်ကြည့်လူနာ ထားခွင့်မပြုနိုင်ကြောင်း ရိုင်းစိုင်းစွာပြောဆို ဟန့်တားခဲ့သဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

စဉ့်ကိုင်မြို့မရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့် အရေးယူထားသည်။