COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသော အင်္ဂလန်ပရီးမီးယားလိဂ်ပွဲများကိုအခြားအစီအစဉ်တစ်ခုအရ ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပမည်ဆိုပါက မန်ယူအသင်းမှာ ကွင်းဝင်ကြေးပေါင်သန်း ၂၀ ကျော်ဆုံးရှုံးရမည့်အရေးနှင့် ရင်ဆိုင်နေရသော်လည်း ကစားသမားများအားလစာရွှေ့ဆိုင်းခြင်းနှင့်လစာလျှော့ချရေးအတွက် တောင်းဆိုသွားမည်မဟုတ်ကြောင်းဗြိတိန်သတင်းစာဒေးလီးမေးလ်က ဖော်ပြခဲ့သည်။
COVID-19 ကြောင့် ရာသီကုန်အထိ ဘောလုံးပွဲစဉ်များကို တံခါးပိတ်ကျင်းပပါကပရီးမီးယားလိဂ်ထိပ်တန်းကလပ်များမှာကွင်းဝင်ကြေး ပေါင် ၂၁ဒသမ၃ သန်းဆုံးရှုံးဖွယ်ရှိနေသည်။မန်ယူအသင်းသည် ယခုနှစ်ဘောလုံးရာသီ အိမ်ကွင်းပွဲစဉ်၅ ပွဲကစားရန် ကျန်ရှိနေသေးသည်။
မန်ယူသည် ယမန်နှစ်ဘောလုံးရာသီတွင် အိမ်ကွင်းပွဲစဉ် ၂၆ ပွဲကစားခဲ့ရာ၌ ကွင်းဝင်ကြေးပေါင် ၁၁၀ဒသမ၈၂သန်းရရှိခဲ့သည်။မန်ယူသည် အိမ်ကွင်းပွဲစဉ်တစ်ပွဲကိုပေါင်၄ဒသမ၂၆ သန်းဝင်ငွေရှိနေရာ အကယ်၍ ရာသီလက်ကျန်အိမ်ကွင်းပွဲများကို ပရိသတ်မပါဘဲ ကစားရပါကပေါင် ၂၁ဒသမ၃ သန်းဆုံးရှုံးမည်ဖြစ်သည်။
မန်ယူသည်ကွင်းဝင်ကြေးဆုံးရှုံးမှုကိုကစားသမားများထံမှလစာလျှော့မည့်အစား အသင်းဝင်ငွေမှသာ ကျခံမည်ဖြစ်သည်။မန်ယူသည်LASK ကိုဖြတ်ကျော်ကာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းမည်ဆိုပါကငွေကြေးဆုံးရှုံးမှု ပိုများလာမည်ဖြစ်သည်။
မန်ယူအသင်းက ကစားသမားများကို လစာရွှေ့ဆိုင်းခြင်းနှင့် လျှော့ချခြင်းအား တောင်းဆိုမည်မဟုတ်သော်လည်း COVID-19ကြောင့် ယခုနှစ်ဘောလုံးရာသီ ဖျက်သိမ်းရပါကအခြေအနေတစ်မျိူးတစ်ဖုံ ပြောင်းလဲဖွယ်ရှိနေသည်။
မန်ယူအသင်းသည် ၂၀၁၈-၁၉ဘောလုံးရာသီတွင် ကစားသမားများအတွက် လစာပေးချေရမှုအများဆုံးဖြစ်ပြီး စုစုပေါင်း ပေါင်၃၃၂ဒသမ၃သန်းပေးချေခဲ့ရသည်။















