COVID-19 ကာကွယ်ရေးသာမက ရာသီဥတုပူပြင်းချိန်ဖြစ်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)တွင် ထုတ်ယူရသော ပင်စင် စားများအတွက် ပင်စင်လစာငွေများကို ဧပြီ ၂၁ ရက်မှစတင်ပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊၂၄ လမ်း ၈၀×၈၁ လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ထုတ်ပေးမည်ဟု မြန်မာ့စီးပွားရေးဘဏ်(၁)တွင် ကြေညာထားသည်။
ပင်စင်လစာကို ပုံမှန်အားဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)နှင့်(၂)တို့တွင် ထုတ်ပေးခြင်းဖြစ်ပြီး၂၆ လမ်း၊၈၂လမ်းရှိ ဘဏ်ခွဲ(၁)၌ ပင်စင်လစာထုတ်ယူသူများအတွက် နေရာအခက်အခဲရှိ၍ ယခုကဲ့သို့ ့ပြောင်းရွှေ့ထုတ်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြို့တော် ဝန်လမ်းညွန်မှုဖြင့် ဘဏ်(၁)ဘဏ်ခွဲမန်နေဂျာနှင့်အထက(၁)ကျောင်းအုပ်ကြီးတို့ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။
“ဘဏ်ခွဲ(၂)မှာ ပင်စင်ထုတ်သူတွေက ပုံမှန်အတိုင်းပဲ။အဲဒီမှာထုတ်ရမှာပါ။ဘဏ်ခွဲ(၁)က နေရာကျဉ်းပြီး၂၆ လမ်း ပလက်ဖောင်းမှာ ကောင်တာနဲ့ထုတ်ပေးတာတွေ့တယ်။လမ်းဘေးမှာ နေလည်းပူတယ်။အသက်အရွယ်ကြီးတဲ့ ပင်စင်စားတွေ မှာ နေပူဒဏ်နဲ့ နားနေဖို့နေရာ အခက်အခဲရှိတာရှိတယ်။အသက်အရွယ်ကြီးတဲ့ ပင်စင်စားကြီးတွေကို ကူညီခွင့်ရတော့ ကုသိုလ်ရလို့ ဝမ်းလည်းသာတယ်”ဟု အမှတ်(၁)အထက၊ ကျောင်းအုပ်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် ကျောင်းများလည်း ပိတ်ထားရသဖြင့် ပင်စင်လစာထုတ်ပေးသည့်နေရာအဖြစ် ကူညီပေးနိုင်ပြီး လစာထုတ်ပေးမည့်ခန်းမတွင် တစ်ကြိမ်လျှင် ၃၆ ဦးအတွက် ထိုင်ခုံများကို ၃ ပေအကွာ စီစဉ်ထားရှိကြောင်း၊ခန်းမအနီးတွင် နားနေစောင့်ဆိုင်းနိုင်ရန် စာသင်ဆောင်များနှင့် အရိပ်ရနေရာများ၌ ထိုင်ခုံများစီစဉ်ချထားပေးပြီး သန့်စင်ခန်းမှအစ ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
“ပင်စင်အငြိမ်းစားတွေ ကျောင်းထဲဝင်တာနဲ့ အပူချိန်တိုင်းမယ်၊Mask မပါရင် ဝေငှမယ်။ဟန်းဂျယ်နဲ့ လက်ဆေးကန်မှာ လက်ဆေးဖို့လုပ်ပေးထားတယ်။ သောက်ရေအတွက် တစ်ခါသုံးခွက်တွေ စီစဉ်ထားပြီး နားနေဖို့ ၃ ပေကျော်လောက် ခွာထားတဲ့ ထိုင်ခုံတွေမှာ အရင်နေရာပေးပါမယ်။ပြီးရင် တစ်ကြိမ်ကို ၃၆ ဦးနဲ့ ငွေထုတ်ပေးမယ့်ခန်းမထဲဝင်ရမှာပါ” ဟု ဆက်လက်ပြောကြားသည်။
ပင်စင်လစာများကို ဧပြီ ၂၁ ရက်နေ့မှ၂၉ ရက်ထိ(ရုံးပိတ်ရက်မပါ)နေ့စဉ် နံနက် ၇နာရီမှ ညနေ ၃ နာရီအတွင်းထုတ် ပေးမည်ဖြစ်၍ ရောဂါကာကွယ်မှုအဖြစ် Social distancing, hand sanitizer နင့်ရေသန့်များစီစဉ်ထားကြောင်း၊၎င်းနေ ရာတွင် ပင်စင်ထုတ်သူဦးရေ ၃၀ဝ၀ ခန့််ရှိမည်ဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့် ယခုအကြိမ်ထုတ်ယူနိုင်ခြင်းမရှိပါက မေလတွင် ပေါင်း၍ ထုတ်ယူနိုင်ကြောင်း သိရသည်။
ပင်စင်စားများသည် အသက် ၆၀ ကျော် အသက်အရွယ်ကြီးသူများဖြစ်၍ ရပ်နီးရပ်ဝေးမှ ဘဏ်ထိလာရောက်ရန်မလိုဘဲ သက်သာစွာထုတ်ယူနိုင်ရန်အတွက် Mandalay Smart pay ဖြင့် ပင်စင်လစာများကို မေလမှစ၍ ထုတ်ယူနိုင်ရန် မြို့တော်စည်ပင်မှဆောက်ရွက်နေကြောင်းမြို့တော်ဝန်ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားထားသည်။
















