တမူးမြို့နယ်၌ COVID-19 စောင့်ကြည့်မှုခံယူနေသည့် ဇနီးကို သတ်မှတ် အဆောက်အဦအတွင်း ဝင်ရောက် ထိုးကြိတ်ခဲ့သည်ဆိုသူ အမျိုးသားကို တရားရုံးက ထောင်ဒဏ် သုံးလ ကျခံစေရန် ဧပြီ ၂၀ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
တမူးမြို့နယ် ခမိတ်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ်အမျိုးသမီးသည် မန္တလေးမြို့မှ ဧပြီ ၁၅ ရက် ပြန်ရောက်လာခဲ့ပြီး Quarantine နေရာအဖြစ် ဆောင်ရွက်နေသည့် အလက ကျောင်းအတွင်း စောင့်ကြည့်မှုခံယူခဲ့သည်။
ထိုသို့ခံယူနေစဉ် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ခင်ပွန်း ဦးကျော်လင်း (၄၆ နှစ်)က အဆိုပါ နေရာသို့ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဧပြီ ၁၉ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ရောက်ရှိလာကာ အဆိုပါ အမျိုးသမီးကို ဆံပင်ဆွဲကာ ဦးခေါင်းကို လက်သီးဖြင့်ထိုးကြိတ်ခဲ့သည်ဆိုကာ အရေးယူပေးရန် တမူးမြို့ နယ် ကျန်းမာရေးဦးစီးမှူး(၁) ဦးတင့်လွင်က မြို့နယ်တရားရုံးသို့ အရေးယူပေးရန် ဦးတိုက်လျှောက် ထားခဲ့သည်။
တမူးမြို့နယ်တရားရုံးက အမှုကြီး အမှတ် (၉၈/၂၀၂၀) ၁၉၉၅ခုနှစ်၊ကူးစက်ရောဂါ ကာကွယ် နိမ်နင်းရေးဥပဒေပုဒ်မ ၁၈ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၃ လကျခံစေရန် ဧပြီ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
















