ဗုဒ္ဓဂါယာ၌ ပိတ်မိနေသော စာသင်သား သံဃာတော်များအား စင်းလုံးငှားလေယာဉ်ဖြင့် ခေါ်ပြီး Quarantine ထားရှိမည်

ဗုဒ္ဓဂါယာ၌ ပိတ်မိနေသော စာသင်သား သံဃာတော်များအား စင်းလုံးငှားလေယာဉ်ဖြင့် ခေါ်ပြီး Quarantine ထားရှိမည်

အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂါယာ၌ ပိတ်မိနေသော မြန်မာနိုင်ငံမှ စာသင်သား သံဃာတော်များနှင့် ဘုရားဖူးများအား သီတဂူ ဆရာတော်ဘုရားကြီးအစီအစဉ်ဖြင့် စင်းလုံးငှားလေယာဉ်ဖြင့် ဧပြီ ၂၂ ရက်တွင် သွားရောက်ခေါ်ယူကာ စစ်ကိုင်း တောင်၊သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် ဝိပဿနာရိပ်သာ၌ Quarantine ထားရှိမည်ဟု သီတဂူစတားဆရာတော် ဒေါက်တာ ကောဝိဒသိရီက မိန့်ကြားသည်။

ဗုဒ္ဓဂါယာမှ စာသင်သားသံဃာတော်အပါး၂၈၀ကျော်၊ ဘုရားဖူးနှင့် ဆေးကုရောက်ရှိသူ ၅၀ ကျော်၊ စုစုပေါင်း ၃၀၀ ကျော်ကို ဧပြီ ၂၂ ရက်တွင် စင်းလုံးငှားလေယာဉ် ၂ စင်းဖြင့်ခေါ်ယူမည်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံတွင်လည်း ပိတ်မိနေသူများရှိ၍ ဧပြီ ၂၄ ရက်နေ့တွင်သွားရောက်ခေါ်ယူမည်ဟုဆိုသည်။

“ဧပြီ ၂၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို မန္တလေးတံတားဦးလေဆိပ်ကနေ မနက်အစောပိုင်း လေယာဉ်ထွက်မယ်။ အိန္ဒိယက မြန်မာနဲ့နီးတော့ နေ့ချင်းပြန်မန်းလေဆိပ်ကို ညနေ ၅ နာရီလောက်ရောက်မယ်။၂၄ ရက်မှာ သီရိလင်္ကာ နိုင်ငံကို သွားခေါ်မယ်။ခေါ်လာပြီးရင် Quarantine စစ်ကိုင်းသီတဂူမှာထားဖို့ အားလုံးစီစဉ်ထားပြီးပြီ”ဟု ၎င်းကမိန့်ကြား သည်။

အဆိုပါ ရောက်ရှိလာသူများအား သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်ရှိ အမျိုးသားဆောင်တွင် အခန်း ပေါင်း၁၀၀ နှင့်အမျိုးသမီးဆောင်များတွင် အခန်းပေါင်း ၁၀၀ စီစဉ်ထားပြီး ကထိကဆောင်များ၊ ဘုရားဖူးနှင့် ဆေးကုသမှုများအတွက် သီတဂူဗုဒ္ဓတက္ကသိုလ်အထူးဆောင်တွင် Quarantine ထားရှိမည်ဖြစ်ကြောင်းသိရသည်။

“လေဆိပ်ရောက်တာနဲ့ သူတို့ကို ကားနဲ့တခါတည်း ခေါ်သွားမယ်။ ရောက်တာနဲ့ သူတို့သင်္ကန်းတွေအကုန်ချွတ်ပြီး ကျောင်းမှာ သင်္ကန်းအသစ်တွေ အဆင်သင့်စီစဉ်ထားတယ်။သူတို့ကိုထားမယ့်အဆောင်တွေမှာ ရေချိုးခန်း အိမ်သာ အဲကွန်းအပြည့်အစုံရှိတယ်။သီရိလင်္ကာက ခေါ်ရမှာက ၂၀၀ လောက်ရှိတယ်”ဟု ဆက်လက်မိန့်ကြားသည်။

စစ်ကိုင်းတော်ရိုး၊ သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သည့် သီတဂူသာသနာပြုအဖွဲ့မှ မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် စစ်ကိုင်း မင်းကွန်း မင်းဝံတောင်ရိုးရှိ  သံဃာတော်၊သီလရှင်များနှင့် လူမျိုးဘာသာမရွေး ဘိုးဘွားရိပ်သာများ၊ ပရဟိတ လုပ်ငန်းများသို့ ဆန်အိတ်ပေါင်း ၂၂၈၅၀ ဆီပိဿာ ၁၆၂၅၀၊ PPE ဝတ်စုံ၁၁၀၀ နှင့်အီတလီနိုင်ငံ သို့ ကန်ဒေါ်လာ တစ်သောင်းထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး