COVID-19 စောင့်ကြည့်ခံယူနေသူအား အရက်မသောက်ရန် ပြောဆိုရာက ဓားဖြင့်ခုတ် ခံရ

COVID-19 စောင့်ကြည့်ခံယူနေသူအား အရက်မသောက်ရန် ပြောဆိုရာက ဓားဖြင့်ခုတ် ခံရ

ကျွန်းလှမြို့နယ်၌ Covid 19 စောင့်ကြည့်မှု ခံယူနေသည့် အမျိုးသားတစ်ဦးအား အရက်မသောက်ရန် ပြောဆိုရာက တာဝန်ရှိသူ သုံးဦး ဓားဖြင့် ခုတ်ခံရမှုကို စစ်ဆေးလျက်ရှိကြောင်း ဧပြီ ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဧပြီ ၁၉ ရက်နေ့ ၂၀း ၃၀ အချိန် ကျွန်းလှမြို့နယ်၊ ကျောင်းအင်းကျေးရွာ၊ တင်းတိမ်ရံအလယ်တန်းကျောင်း၌ COVID-19 ဗိုင်းရပ်စ် ကူးစက်ရောဂါသံသယဖြင့် စောင့်ကြည့်နေသော အဆိုပါကျေးရွာနေ ကျော်ခိုင်(၃၉)နှစ်မှာ အရက်မူးယစ်နေခဲ့သည်။
တင်းတိမ်ရံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စော(၅၇)နှစ်နှင့် ဒေါ်တင်မြမြလွင်(၃၆)နှစ်ပါ ၃ ဦးက ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် စည်းကမ်းချက်များကို လိုက်နာရန် ၎င်းတို့အား ပြောကြားခဲ့သည်။ 
ယင်းအပေါ် မကျေနပ်၍ ကျော်ခိုင်က ထမင်းချက်ဆောင်အတွင်းရှိ အရှည် ၇ လက်မခန့် ဓါးဦးချွန် ၂ ချောင်းဖြင့် ဝင်ရောက် ထိုးခုတ်ခဲ့သည်။ ဦးခင်မောင်စောနှင့် ဒေါ်တင်မြမြလွင်တို့ပါ ၃ ဦးတွင် ဦးခေါင်းထိပ်/ မေးစေ့/ ဝဲလက်မောင်းပြတ်ရှ ဒဏ်ရာများရရှိခဲ့သောကြောင့် ကျော်ခိုင်(၃၉)နှစ်ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ကျွန်းလှမြို့မရဲစခန်းက (ပ)၃၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၃၂၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။