ရေကြောင်းခရီးဖြင့် ဗန်းမော်မှ မန္တလေးဆိပ်ကမ်းသို့ ယနေ့ ဧပြီ ၂၁ ရက် ညနေ ၄နာရီခွဲက ရောက်ရှိလာသူ ၁၂ ဦးအနက် တရုတ်နိုင်ငံမှ ပြန်လာသူ ၃ ဦးပါရှိရာ ၎င်းတို့အား နဒီမြန်မာ Quarantine Center သို့ ပို့ဆောင်ပေးခဲ့ပြီး သင်္ဘောသား ၁၄ ဦးကိုလည်း ကမ်းကပ်ခွင့်မရှိဘဲ ရေလယ်တွင် Boat Quarantine အဖြစ်ထားရှိမည်ဖြစ်ကြောင်း ရေကြောင်းပူးပေါင်းစောင့်ကြည့်အဖွဲ့မှ သိရသည်။
အဆိုပါ သဘောၤမှာ မန္တလေး-ဗန်းမော်ပြေးဆွဲသည့် ပြဒါးရှင် သဘောၤဖြစ်ပြီး ဧပြီ ၁၉ ရက်နေ့က ဗန်းမော်မြို့မှ ထွက်ခွာလာရာ မန္တလေးဆိပ်ကမ်းသို့ ခရီးသည် ၁၂ ဦး၊သဘောၤသား ၁၄ ဦးဖြင့်ရောက်ရှိ လာခြင်းဖြစ်ပြီး ခရီးသည် ၃ ဦးသည် တရုတ်ပြည် ရွှေလီမြို့မှ ပြန်လာသူများဟု ဆိုသည်။
“သဘောၤဆိုက်မယ်ဆိုတာနဲ့ တရုတ်က ပြန်လာသူတွေပါတဲ့သတင်းရလို့ အင်အားဖြည့်ပြီးစောင့်ကြည့် စစ်ဆေးခဲ့ တယ်။အဲဒီထဲမှာ တရုတ်က ပြန်လာသူ ၃ ဦးပါလာတာပါ။ပြည်ပက လာသူဆိုရင် ကျွန်တော်တို့က စောင့်ကြည့်စခန်းတွေကို ပို့တယ်။တရုတ်ပြန်ပါလာတဲ့အတွက် သဘောၤသားတွေကိုလည်း ရေလယ်မှာ စောင့်ကြည့်လုပ်သွားမယ်”ဟု နယ်မြေရဲတပ်ဖွဲ့မှ တာဝန်ရှိအရာရှိတစ်ဦးက ပြောသည်။
သဘောၤဆိုက်မည်ကို သိရှိရသဖြင့် မြို့နယ်ထွေ/အုပ်၊နယ်မြေရဲတပ်ဖွဲ့၊ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)၊ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြိုတင်စောင့်ဆိုင်းကာ ခရီးသည်များကို ကျန်းမာရေးစစ်ဆေးပြီး သဘောၤတွင် ပိုးသတ်ဆေးပက်ဖျန်းခြင်းများဆောင်ရွက်ခဲ့ကာ ရေလယ်တွင် Boat Quarantine အဖြစ် သတ်မှတ်ရက် ၂၁ ရက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ကို ကမ်းက လူတွေနဲ့ အဆက်အသွယ်လုပ်လို့မရအောင် ရေလယ်မှာထားပြီး စားသောက်ရေးအတွက် ကျွန်မတို့ ကြက်ခြေနီအဖွဲ့က စက်လှေနဲ့ နေ့စဉ်ပို့ပေးသွားမယ်။ကျန်းမာရေးအတွက် အရေးကြီးချိန်ဖြစ်လို့ သဘောၤသားတွေကိုလည်း Quarantine လုပ်သလို တရုတ်ကပြန်လာတဲ့ ၃ ဦးကိုလည်း Quarantine Center ပို့လိုက်တယ်”ဟု မဟာအောင်မြေ ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဒေါ်စိုးမိုးထွေးက ပြောသည်။
မန္တလေးတိုင်းနှင့် မြို့တွင်း ကုန်းကြောင်း၊ရေကြောင်း ဝင်/ထွက်ပေါက်များတွင် ပူးပေါင်းအဖွဲများဖြင့် ကျန်းမာရေးစစ် ဆေးမှုများပြုလုပ်ခြင်း၊ ခရီးသည်များ၏ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ သွားမည့်နေရာ စသည့် အချက်အလက်များ အသေးစိတ်မှတ်တမ်းပြုစုနေကြောင်း သိရသည်။
















